Sunday, January 17, 2010

အချိန်ကာလ နဲ့ နေရာဒေသကြားက အကျဉ်းကျနေသူများ

ကာလံ။ ။လူသားတွေက မရှိတဲ့ အချိန်ကို အရှိလုပ်ပြီး သူ့ကို ဘောင်ကျဉ်းကျဉ်းထဲကို လိုက်သွင်းလိုက်ကြပါတယ်။ ပြီးတော့ ၁ မှ ၁၂ ထိ၊ (၀ါ) ၁ မှ ၂၄ အထိ ကင်းပွန်းတပ်ပေးလိုက်ကြပါတယ်။ အချိန်ကတော့ အပြုံးမပျက်ခဲ့ပါဘူး။ သူက တကယ်မှ မရှိတာကိုး။ အဲဒီမရှိတာကိုပဲ အရှိလုပ်ပြီး ကျနော်တို့က ဂုဏ်ယူဝင်ကြွားစွာ အချိန်ကို နိုင်နင်းစွာ ဘောင်ခတ်ထားနိုင်တဲ့ အ၀ိုင်းထဲကို ထည့်သွင်းပြီး အရံသင့်တီထွင်ထားတဲ့ ဂဏန်းသင်္ချာတွေနဲ့ ချည်နှောင်ထားလိုက်ကြတာပေါ့။ အဲဒီကတည်းက လွတ်မြောက်ခြင်းမှ ဘောင်ကွပ်ထားတဲ့ အကျဉ်းစခန်းတစ်ခုသို့ လူသားတွေကိုယ်တိုင် ဦးတည်ချီတက်ခဲ့ကြပြီ။

ဖမ်းချုပ်ခဲ့တဲ့ အချိန်ကို အ၀ိုင်းလိုကတစ်မျိုး လေးထောင်သဏ္ဍာန်က တစ်သွယ်နဲ့ ဂုဏ်ယူစွာနဲ့ အိမ်ထဲမှာသိမ်းထားလာကြတယ်။ ကြာလာတော့ (စိတ်မချတာလဲပါတာပေါ့) သွားလေရာ ယူသွားလို့ရအောင် မိမိနဲ့အတူ လက်မှာ လက်ပတ်နာရီသဘောနဲ့ မရှိတဲ့ အချိန်ကို အရှိလုပ်ပီး သယ်ယူလာကြပြန်ပါတယ်။ လူသားက အချိန်နာရီကို ပတ်နေတာလား ၊ အချိန်နာရီက လူသားကိုပတ်နေတာလားလို့ ၀ိုးတ၀ါး ခွဲခြားလို့ မရခဲ့တာပါအမှန်ပါ။

အမှန်တကယ်မရှိတဲ့ အရာကို ကိုယ်ဘာသာကိုပဲ အရှိလုပ်ကာ ၀ိုင်းနေတဲ့ ဘောင်းကျင်းကျင်းထဲမှာ ထည့်သွင်းပြီး သင်္ချာကြိုးနဲ့ ချည်နှောင်ထားနိုင်ခဲ့ကြတယ်။ တကယ်က လူသားတွေက သူ့ကို ဖမ်းချုပ်လိုက်တာတော့ မဟုတ်ပါခဲ့ဘူး။ သူကသာ လူသားတွေကို သူ့(အချိန်)အောက်မှာ ပိပြားသွားအောင် ဖမ်းချုပ်တာဆိုတာ မသိကောင်းလေရော့သလားလို့ အချိန်က သနားနေသတဲ့။

ဒေသံ။ ။ အရပ်မျက်နှာမရှိ၊ နယ်နိမိတ်မရှိပါပဲလျက် လူတွေက နယ်နိမိတ်ကို ငါ့ပိုင်နက်၊ သူ့ပိုင်နက်ဆိုတာနဲ့ သတ်မှတ်ပစ်လိုက်ကြတယ်။ ဗုဒ္ဓက (Sabbe Dhammaa Anatta-All the Things are without a self.Dhp-279) တဲ့လေ။ ကိုယ့်ကိုယ်တောင် မပိုင်ပါပဲလျက် ကိုယ်က တကယ်မရှိတဲ့ ပိုင်နက်တွေကို ပိုင်ဆိုင်ချင်ခဲ့တာဟာလဲ အရူးတစ်ယောက်လိုပါပဲ။

ဘော်ဒါလိုင်း (Border Lines)တွေကို သတ်မှတ်ပစ်လိုက်ကြတယ်။ ရေပိုင်နက်၊ မြေ ပိုင်နက်၊ လေပိုင်နက် စတဲ့ ဝေါဟာရစကားလုံးတွေကို တီထွင်လိုက်ပြီး ဘောင်ခတ် ထောင်ချထားလိုက်ကြတယ်။ တကယ်တော့ ပိုက်နက်တွေကသာ လူသားတွေကို ဘောင်ခတ် ထောင်ချလိုက်တာဆိုတာ လူသားတွေက မသိလေရောသလေားလို့ ဒေသက လှောင်ပြောင်သတဲ့။ စိန္တကျော်သူ ဦးသြရဲ့ ရယ်ခြင်းကြီးသုံးမျိုးအနက် မြေကြီးက ရယ်သည်လို့ မှတ်သားခဲ့ဖူးပါတယ်။အခုတော့ နေရာဒေသကရယ်နေပြီပေါ့။

တိရစ္ဆာန်တွေမှာတော့ လူသားတွေလို အသိဥာဏ်မဲ့ပြီး သညာသိလောက်သာရှိလေတော့ သူတို့မှတ်ဥာဏ်ထဲတွင် နယ်နမိတ်မရှိ၊ အင်မီဂရေးရှင်း(Immigration)နတ္ထိ၊ ချက်ပွိုင့်(Check Point) မရှိ၊ Visa မလို၊ အရပ်မျက်မှာမရှိ၊ အချိန်မရှိပဲ သူတို့ရဲ့ သဘာဝကပေးတဲ့ အာရုံခံကိရိယာ မျက်စိ၊ နား၊ နှာ ၊ လျှာ၊ ကိုယ် တွေမှာ ရိုက်ခတ်လာတဲ့ တုန်ခါမှုလှိုင်း ( Vibration Wave) ကို သညာနဲ့ ဖမ်းပြီး တစ်ကောင်နှင် တစ်ကောင် အချင်းချင်းတုံ့ပြန် ဆက်ဆံကြပါတယ်။

တစ်ခါတစ်လေကျပြန်တော့လည်း လူသားများကိုယ်တိုင် ဆရာကြီးလုပ် တီထွင်ခဲ့တဲ့ အချိန်နဲ့ နေရာတွေက လူသားတွေကိုပဲ အကျဉ်းချလာထားတဲ့အတွက် လူသားတွေက ဒီလိုတမ်းတကြပြန်ပါတယ်။ ” အင်း ငှက်ကလေးများလို လွတ်လပ်စွာ ပျံသန်းလို့ရရင် ကောင်းမှာပဲ၊ တောင်ပံပါရင် မင်းဆီကို ”တဲ့လေ။ ဒါနဲ မပြီးကြသေးပါဘူး၊ လွတ်မှုသင်္ကေတဖြစ်တဲ့ ငှက်မျိုးများစွာ ခွတ်ဒေါင်း၊ ဟင်္သာငှက်၊ ခိုငှက်၊ သိန်းစွန် ၊ ဂျိုးကြာ၊ ကျေး၊ ဂဠုန်တွေကို နိုင်ငံတော် တံဆိပ်၊ ဒင်္ဂါပြားတွေမှာ ခတ်နှိပ်ထားလိုက်ကြသေးတယ်။ ဟိုတယ်တောင် ရွှေလိပ်ပြာတဲ့လေ။

မရှိသည်ကို အရှိလုပ်လိုက်ခြင်းသည်ပင် အေဒင်ဥယျာဉ်ထဲက ပန်းသီးကို ခူးစားမိသလိုမျိုး (Sin) ၀ါ (ကိလေသ၀ဋ်) အပြစ်တစ်ခုကို ကျနော်တို့ လူသားများက လွန်ကျူးလာမိကြပြီ။ ကျိန်စာသင့်လူသားတွေ ဖြစ်ခဲ့ကြပြီ။ အဆုံးမရှိတဲ့ ၀င်္ကပါတစ်ခုထဲကို ကျနော်တို့ ၀င်ရောက် မိလျက်သားဖြစ်သွားခဲ့တာပေါ့။ မျိုးစေ့ကြောင့် အပင်၊ အပင်ကြောင့် မျိုးစေ့ ၊ မျိုးစေ့မှ အပင် အမျှင် မပြတ် ကြောင်းကျိုးစပ်၍ လည်ပတ်နေခဲ့ကြပြီ။

စကားလုံးတွေနဲ့ ဖော်ပြလို့မရကောင်းတဲ့ ကိလေသာနာမ်(လောဘ စတဲ့)တရားတွေကို သမုတိစကားလုံးတွေနဲ့ မီးထွက်အောင် ပွတ်လာခဲ့ကြတဲ့တွက် သီချင်း၊ ရတု၊ ရကန်၊ တေး၊ ကဗျာ၊ ရော့ခ်၊ ပန့်ခ်၊ ဟစ်ဟော့ တွေက ဆက်တိုက်လောင်မြိုက်လို့ ထွက်ပေါ်လာခဲကြပြီ။ ၀ဋ်ကြွေးတစ်ခုကို မျိုးဆက်အလိုက် သီချင်း၊ ကဗျာ၊ စာပေ၊ ဂီတ၊ရတု၊ ရကန်တွေနဲ့ အကြွေးဆပ်ရင်း အချိန်တွေကို ငါတို့ စောင့်စားခဲ့ကြပြီ။ မရှိတဲ့အချိန်တွေကို ကုန်လွန်သွားတယ်လို့ မှတ်ထင်နေကြပြီး လမ်းဆုံမှာ အချိန်ကို စောင့်စားခဲ့ကြတာလဲ ရွေ့လျားနေတဲ့လမ်းလျှောက်စက်ပေါ်မှာ ရောက်နိုး ရောက်နိုးနဲ့ မမောမပမ်းလျှောက်ခဲ့လှမ်းခဲ့တာနဲ့ တူနေပါပြီ။

ရေ၊ ရေခဲ၊ ရေခိုး၊ မြူနှင်းတွေရဲ့ ပြောင်းလဲမှု( Interaction of Changing) သဘာဝအမှန်ကို မသိခဲ့လေတော့ “ ယနေ့ အကြွေးမရောင်းပါ” စာတန်းက အကြွေးဝယ်သူတွေကို ရပ်တန့်လို့ ရနိုင်ခဲ့ပြီ။ ယနေ့ပေါင်းမြောက်များစွားထဲက တစ်ခုသောယနေ့ထဲမှာ ငါအိပ်ပျော်နေခဲ့ပြီး ပြန်နိုးလာတော့လဲ ယနေ့ပဲ ပြန်ဖြစ်နေခဲ့တယ်။ အရှိနဲ့အသိ လိုင်းမမိလို့ ကွန်နက်ရှင်တွေ အကြိမ်အကြိမ် လှုပ်ခါလို့နေပါပြီ (it is unbalanced the connectivity of mind and matter)။ငါလမ်းလျှောက်အခါ သာနေတဲ့ လမင်းကြီးကပါ ငါ့နဲ့အတူ လိုက်ပါနေတယ်လို့ ထင်ထားခဲ့တဲ့ ကလေးအတွေးတွေကို စွန်ပစ်လိုက်ဖို့ အချိန်ကာလနဲ့နေရာဒေသတို့ရဲ့ အပြင်ဘက်က တစ်နေရာရာဆီကို ခဏတာလေး ထွက်ပြေးနေချင်မိပါတယ်။

ဝိသုဒ္ဓိမဂ်၊ဒုတိယပိုင်း၊ ပိုဒ်ရေ( ၆၈၉ )မှာ ဒီလိုပြောထားပါတယ်။
Ditthi bandhanabaddhaa te, Tanhnaasotena vuyhare;
Tnnhaasotena vuyhantaa , na te dukkhaa pamuccare;
(Visuddhimagga-vol-II. P.517)
ဆိုလိုချက်။ ။
အယူအဆ(ဒိဋ္ဌိ၊၆၂)တွေနဲ့ ချဉ်နှောင်ခံထားရတဲ့သူတွေဟာ တဏှာလျဉ်ကြော နစ်မျောကြ၏။ တဏှာလျဉ်ကြော နစ်မျောရသူတို့အတွက့် ၀ဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်မှု အမှန်မရနိုင်ကြပါ။

မှတ်ချက်။ ။Time and Space from the Point Of Ultimate Truth မှခံစားတင်ပြထားပါသည်။

Friday, January 15, 2010

ဟေတီနိုင်ငံသားများနှင့် ကုလ၀န်းထမ်းများအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ

ကျနော်တို့ ( မြန်မာ)နိုင်ငံဟာ ၂၀၀၈ မေလက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း သာဘာဝဘေးဒဏ်ကြောင့်အသက်ပေါင်းသိန်းချီသေကျေခဲ့ကြရပါသည်။အသက်မဲ့ရုပ်ဝတ္ထုများစွာပျက်စီးဆုံရှုံးခဲ့ကြရပါသည်။ အထူးသဖြင့် စိတ်ရောဂါဝေဒနာဒုက္ခသည် များစွာ ကျန်ရစ်ခဲ့ကြပါသည်။
မဆည်နိုင်တဲ့ မျက်ရည်တွေနဲ့ အတူ အထီးကျန်ဆန်စွာ မှုန်းဝါးဝါးမြင်ကွင်းတွေကြားတွင် ထမင်းတစ်လုပ် ရေတစ်မှုန့်အတွက် ကယ်သူမယ့်ကို မျှော်လင့်စောင့်စားခဲ့ကြရပါသည်။ ယခုတိုင်အောင် ကိုယ်တိုင်ကြုံတွေ့သူများက မျက်နှာငယ်ဘ၀နှင့်အသံတိတ်ကြေကွဲ ငိုကြွေးနေကြဆဲပင်ဖြစ်ပါသည်။ကျနော်တို့ကမ္ဘာ့မိသားစုများအတူအားထားရှုရှိုက်ခဲ့သောလေသည်ပင် ကျနော်တို့ကို ဘေးသင့်စေခဲ့ပြီ။

ထိုအချိန်က ကိုယ်တွေ့ကြုံတွေ့သူ ကျန်ရစ်သူ မိသားစုများရော ၊ ဆက်နွယ်ပတ်သက်သူ ကရုဏာ မေတ္တာရှင်ကမ္ဘာ့မိသားစုများပါ ၀မ်းနည်းပူဆွေးမှုများတွေနှင့်အတူ ကိုယ်စီဆိုင်ရာ ထုံးတမ်းအစဉ်အလာအရ စိတ်ဓာတ်အား(Spiritual Development) ဖြင့် ဆုတောင်း၊ အမျှအတမ်း ပေးဝေခဲ့ကြပါတယ်။ မေတ္တာ ပို့ပေးခဲ့ကြပါသည်။ ကျနော်တို့ သံဃာတော်များကလည်း ကိုယ်အားရော၊ စိတ်အားပါ သွားရောက်လှူဒါန်းကူညီခဲ့ကြပါသည်။

ကျနော်တို့လိုထပ်တူထပ်မျှ စာနာသနားကြတဲ့ ဤကမ္ဘာမြေပေါ်( အင်္ဂါဂြိုလ်နှင့် လကမ္ဘာမပါ :P) အတူနေထိုင်ကြတဲ့ အခြားကမ္ဘာ့မိသားစုဝင်တွေများကပို့ပေးသော မေတ္တာ၊ကရုဏာတိုကို ကျနော်တို့က ၀မ်းသာပီတိမျက်ရည်ဖြင့် မမြင်နိုင်တဲ့ သ၀ဏ်လွှာဖြင့် တုံ့ပြန်ခဲ့ကြပါသည်။ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ကြည်နုး၍ မကြားနိုင်သောစကားလုံးဖြင့် ကျေးဇူးတင်ခဲ့ကြပါသည်။ ကျနော်တိုဆီကို ကိုယ်တိုင်လာရောက်၍ သုံးဆောင်စရာပစ္စည်းများဖြင့် (Material Development) ကိုယ်အားဖြင့် အကူအညီပေးခဲ့ကြပါသည်။

ဆက်လက်၍ ယခုအခါ ဇန်န၀ါရီ ၁၂ ရက်၊ ညနေ ၅ နာရီအချိန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဟေတီနိုင်ငံ၊ ပို့အော်ပရင့်တစ်မြို့လုံးပျက်စီးသွားပါသည်။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြပါသည်။ ကျနော်တို့ကမ္ဘာ့မိသားစု အတူမှီခိုရပ်တည်ရာ မြေကြီးသည်ပင် ဟေတီနိုင်ငံသားတို့ကို ဘေးသင့်စေခဲ့ပြီ။


ဟေတီနိုင်သားများသည် ကျနော်၏တစ်အူထုံးဆင်းညီအကိုရင်းများပမာ၊ မဟာပထ၀ီမြေကြီးပေါ်တွင်မွေးချင်းတူများဖြစ်သည်ဟု (မာတာယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မာနုရက္ခေ) ဟုမှတ်ယူပါသည်။ ကျနော်တို့လည်း ကမ္ဘာကြီးပေါ်မှာမွေးဖွားတဲ့ လူသားတစ်ယောက်ဖြစ်၍ ကမ္ဘာ့ရေထု၊ လေထုကို အတူသောက်သုံးစွဲသူမိသားစုတွင် ကျနော်တို့လည်းပါဝင်ကြပါသည်။ ကမ္ဘာ့မိသားစု (Global-Family) တွင် ကျနော်တို့်လဲ လူသားစိတ်ရှိသော (မနုဿတ္တဘာဝ-Humanity) လူသားဖြစ်သည့်အတွက် မိသားစုဝင်တစ်ယောက် ဒုက္ခရောက်နေခြင်းသည် မိသားစုဝင်တိုင်းတွင် တာဝန်မကင်းဟုမှတ်ယူကြပါသည်။
ကမ္ဘာကြီးကျန်မာရေးမကောင်းလျှင် ကျနော်တို့်လည်း အိပ်မပျော်နိုင်ခဲ့ကြပါ။ ဥပမာအားဖြင့် ကမ္ဘာလေထုကို အတူသုံးစွဲကြတဲ့အတွက် ငှက်တုပ်ကွေးကူးစက်ရောဂါကြောင့် တစ်ကမ္ဘာ(အိမ်)လုံးနှင့်သက်ဆိုင်နေသဖြင့်အိပ်မရခဲ့ခြင်းဖြစ်ပါသည်။ကျနော်တို့(မြန်မာနိုင်ငံ်)အိမ်တွင်ပင် မာစ်(Mask) မလောက်ငှ၍ ပြဿနာဖြစ်ခဲ့ရပါသည်။ ကျနော်တို့ကလည်း ၀မ်းနည်းကြေကွဲမှုတွေနှင့်အတူ ကွယ်လွန်သွားခဲ့ကြသော ဟေတီ နိုင်ငံသူ နိုင်ငံသားအားလုံးလုံးတို့အား အမျှအတမ်း ပေးဝေလိုက်ပါသည်။ ရောက်ရာဘုံဘ၀က ဝေသောအမျှကို သာဓုခေါ်ဆိုနိုင်ကြပါစေ။
ကျန်ရစ်သူမိသားစုများလည်း စိတ်ဆင်းရဲခြင်းဒုက္ခဘေး၊သောကဘေးမှ ကင်းဝေးစေရန် မေတ္တာပို့သပေးလိုက်ပါသည်။ ငလျင်ဘေးဒဏ်ခံရသော ဟေတီမိသာစုဝင်များနှင့် ကုလ၀န်ထမ်းများအတွက် ကျန်ရစ်သူမိသားစုများနှင့်ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း ထိုင်းနိုင်ငံရောက် ကျနော်တို့ကျောင်းသားရဟန်းတော်များကလည်း သ၀ဏ်လွှာပေးပို့ပါကြောင်း ဟေတီးနိုင်ငံသူ နိုင်ငံသားများနှင့် ကုလအဖွဲ့ဝင်အပေါင်းတို့


ရည်ညွန်းချက်။ ။
ကျနော်တို့၏ ဆရာဗုဒ္ဓက မေတ္တသုတ်တွင် (ဘာသာမခွဲခြား)သတ္တ၀ါအားလုံးတို့အပေါ်တွင် ကျင့်ကြံဖို့ ဟောပြောထားခဲ့ပါသည်။

၁။ယေကေစိ ပါဏဘူတတ္ထိ၊ သတာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ အဒိဋ္ဌာ ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။

၂။မာတာယထာ နိယံပုတ္တ ၊ မာယုသာ ဧကပုတ္တမာနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာနံ။

၃။ဒုက္ခပတ္တာ စ နိဒုက္ခာ ၊ ဘယပတ္တာ စ နိဗ္ဘယာ။
သောကပတ္တာစ နိသောကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

Tuesday, January 12, 2010

အတ္တခန်းကျဉ်းထဲက ပိုင်ရှင်အမှန်ကို ငါရှာဖွေနေခဲ့ပြီ


လောကတွင် အရာဝတ္ထုများကို ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကိုယ်စီ ကိုယ်စီ သူပိုင်၊ ငါပိုင်၊ အများပိုင်လို့ သတ်မှတ်ထားကြတာများပါတယ်။ ရုပ်ဝတ္ထုတွေကို ပညတ်(သမုတိသစ္စာ) ဘာသာစကားနဲ့တော့ ပိုင်တယ်။ မပိုင်ဘူးလို့ ပြောလို့ရကောင်းပေမယ့် (ပရမတ္ထသစ္စာ)ကတော့ မီနစ်စက္ကန့်တိုင်းပြောင်းလဲနေတဲ့ အတွင်းရုပ်(အဇ္ဈတ္တိက)၊ အပြင်ရုပ် (ဗဟိဒ္ဓ)တွေကတော့ သူဘာသာသူ စကားလုံးမရှိ ၊ အချိန်ကာလမရှိစွာနဲ့ အကြောင်းအကျိုးသဘာဝအတိုင်း ပြောင်းလဲ ပြောင်းလဲပြီးတော့ အစားထိုး၊အစားထိုး သွားကြပါတယ်။ ငါတို့က ဘေးကနေ အတ္တတွေနဲ့ ၀င်ရောက်စွက်ဖက်ပြီးတော့ ငါပိုင်တယ်လို့ အော်ပြောပြီး ကျန်ရစ်နေခဲ့ကြတာပေါ့။

လမ်းမကြီးဘေးမှာ အိမ်ဆောက်ပြီး နေထိုင်တဲ့လူတစ်ယောက်လို လမ်းပေါ်ကဖြတ်သွားတဲ့ ကားအမျိုးအမျိုးတွေကို ငါ့ကား ၊ သူ့ကားနဲ့ ပြောပြောပြီး အချိန်တွေကုန်လွန်ခဲ့ကြပါတယ်။ တကယ်တော့ သူ့အလုပ်သူ လုပ်လျက် အစားထိုးပြောင်းလဲသွားတဲ့ ရုပ်ဓာတ်တွေရော၊ နာမ်ဓာတ်တွေကိုပါ ငါတို့က မီတာတွေကို ကြည့်ပြီး ဂဏန်းသင်္ချာတွေအောက်မှာ လက်ညှိုးတွေကို အကြိမ်ကြိမ်ချိုးရင်း ရေတွက်နေခဲ့ကြတယ်လေ။

ကိလေသာတရား (၁၀) ပါးကတော့ ဘယ်လူမျိုး ၊ ဘယ် နိုင်ငံ၊ ဘယ်လို အ၀တ်အစားတွေ ၀တ်ထားတဲ့ သူတွေက မူပိုင်( Copyright) လုပ်ထားပါသလဲလို့ တစ်ခါတစ်လေကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးနေမိပါတယ်။ ပရိတ်ကြီးမှာတော့ တရားနာဖို့အတွက် စက္က၀ါဠာတရား (သမန္တာ စက္က၀ါဠေသု )တဲ့။ ဒါကို ကျနော်တို့ တစ်တွေက ငါ့နိုင်ငံပိုင်၊ ငါ့လူမျိုးပိုင်နဲ့ မူပိုင်တွေလုပ်ပစ်ထားခဲ့တာလဲ ကြာခဲ့ပြီ့။ အနိစ္စတွေကို နိစ္စလို့ လုပ်ခဲ့တာပေါ့။

ဘုရားဂုဏ်တော်ကိုးပါးမှာလဲ ”သတ္ထာ ဒေ၀မနုဿာနံ“ လို့ ပြောပါတယ်။ ဆိုလိုရင်းကတော့ “နတ်၊လူတို့ရဲ့ဆရာဟာ ငါဘုရားပဲကွာ”တဲ့လေ။ နောက်တစ်ခုက “ မနုဿတ္တဘာဝေါ ဒုလ္လဘော” ”လူဖြစ်ခဲတယ်“တဲ့လေ ။ ဘယ်နိုင်ငံကလူလို့လဲ မခွဲခြားခဲ့ပါဘူး။ “ လူ” လို့ပဲသာမန် သုံးခဲ့ပါတယ်။ ဘယ်နေရာ ၊ဘယ်နိုင်ငံ၊ ဘယ်လိုဝတ်စားဆင်ထုံးဖွဲ့မှုတွေနဲ့ လူတွေပါလို့ သတ်မှတ်ချက်မထားခဲ့ပါဘူး။ ဒါကို ငါတို့က မိုက်မှားစွာနဲ့ ငါတို့လူမျိုးအတွက်သာလို့ သတ်မှတ်ခဲ့ပါတယ်။ ဘောင်ကျဉ်းကျဉ်းကြားမှာ ကိုယ့်ဘာသာကိုပဲ ဘာသာဝင်ဇာတ်သွင်း အကျဉ်းချခဲ့ကြပါတယ်။ ငါ့ဘာသာငါပဲ အကျဉ်းကျအောင် ငါလုပ်ပစ်ခဲ့ပါတယ်။

ဘာသာဝင်ဆိုတာတွေနဲ့ ခွဲခြားခဲ့ကြတယ်။ မူစလင်၊ခရစ်ယာန်ဆိုတဲ့ ပညတ်တွေနဲ့ ရန်မူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါတွေဟာ ကိုယ်စီမွေးရာပါ တပ်လာကြတဲ့ မျက်မှန်စိမ်းတွေပေါ့။ ဗုဒ္ဓက ဘာသာဝင်တစ်ခုအနေနဲ့ မဟောကြားခဲ့တာကို ငါတို့က ကိုယ့်ဘာသာကိုယ်ပဲ ဘာသာဝင်လို့ ဘောင်သွင်း အကျဉ်းချခဲ့ကြပါတယ်။ လောကမှာ ရေတို့ လေတို့ဟာ သတ္တ၀ါအာလုံးအတွက် ဖြစ်ပါတယ်။ ကိလေသာဆယ်ပါး( အကျဉ်းအားဖြင့် လောဘ၊ဒေါသ၊မောဟ) တွေဟာ ဘယ်သူပဲ လွန်ကျုးပါစေ ဘာသာစကားမရှိပဲနဲ့ကို အကျိုးပေးတာပါပဲ။ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေလဲပဲ မျက်နှာမလိုက်ပါဘူး။ ဒါကြောင့်မို့လဲ စက္က၀ဠာတရား( Universal True) လို့ ပြောခဲ့ကြတာပေါ့။

ငါတို့ ဘုရားလောင်းဟာ ဒီပင်္ကရာလက်ထက်မှသည် ယခုဘဒ္ဒကမ္ဘာတွင် ဘုရားမဖြစ်မီ အချိန်ထိ အလောင်းတော်ဘ၀အတွင်း ဘုရားပွင့်ရာကာလနဲ့ ၂၄ ဆူပဲ ကြုံဆုံပါခဲ့တယ်လို့ အခြေပြုပဋ္ဌာန်းမှာဆိုပါတယ်။ အဲဒီဘုရား ၂၄ ဆူနဲ့ တွေမြင်ခဲ့ရလို့ ဗုဒ္ဓဘာသာဝင်လို့ ပညတ်ကပ်ပေးရင် (Label)ကပ်ပေးလို့ ရကောင်းပေမယ့် သုညကမ္ဘာ အသင်္ချေတွေမှာ ဘုရားလောင်းက ဘယ်ဘာသာဝင်အဖြစ်နဲ့ ပါရမီဖြည့်ကျင့်နေခဲ့တာလဲပေါ့။ ယခုအခါမှာ မူဆလင်တံဆိပ်တွေ၊ ခရစ်ယာန်တံဆိပ်တွေ၊ ဂျုး၊ ဆိခ်၊ ဟိန္ဒူ ဆိုတဲ့ ပညတ်တံဆိပ်တွေနဲ့ အချိန်တွေကို ဖြုန်းတီးပစ်ရင်း ပညတ်တရားတွေအောက် ပိပြားနေခဲ့တာဟာလဲ ငါတို့ပါပဲ။

ဗုဒ္ဓက ပုဂ္ဂိုလ်၊ နိုင်ငံ၊ ကျား၊မ၊ မခွဲခြားပဲ သာမန်ဟောထားတဲ့ ဂါထာတစ်ပုဒ်က ဒီလိုပါ။
သဗ္ဗပါပဿ အကာရဏံ၊ ကုသလဿ ဥပသမ္ပဒါ ။
သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓနသာသနံ။
ဆိုလိုချက်။ ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားတဲ့။
( ဗုဒ္ဓဘာသာဝင်အတွက်သာ သီးသန့်တော့မဟုတ်ပေလောက်ဘူး။)

ဘယ်သူတွေက အကုသိုလ်လုပ်လုပ် အကုသိုလ်အကျိုးကိုတော့ လုပ်သူရမှာဖြစ်ပါတယ်။ ဘယ်သူတွေက ကုသိုလ်လုပ်လုပ် ကုသိုလ်အကျိုးကိုတော့ လုပ်သူရမှာဖြစ်ပါတယ်။ နိုင်ငံ ၊ လူမျိုး၊ အ၀တ်အစား၊ ကျား၊မ၊ ကြီး ၊ ငယ်တွေနဲ့ ဆိုင်တယ် ၊ မဆိုင်ဘူးလား ဆိုတာကိုလဲ ငါက အမြဲတမ်း အချိန်ကုန်ခံ စဉ်းစားခန်းဝင်နေခဲ့ပါတယ်။ ငါ့ ပါးစပ်ကတော့ ”သမန္တာ စက္က၀ါဠေသု၊ အန္တရာ ဂစ္ဆန္တု ဒေ၀တာ”လို စက္က၀ါဠာမှာ ရှိတဲ့ နတ်တွေကို တရားနာဖို့ ဖိတ်ခဲ့ပေမယ့် ငါကိုယ်တိုင်ကျတော့ အတ္တအခန်းကျဉ်းမှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ကိလေသာနာမ်တရားတွေကို မူပိုင်လုပ်ထားတဲ့ အတ္တအခန်းကျဉ်းထဲက ပိုင်ရှင်အမှန်ကို ငါရှာဖွေနေခဲ့ပြီ်။

Friday, January 8, 2010

အနာဂတ်ခရီး မရေရာလှတဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေထဲက ခရစ်ဘတီဘဝ




မီတာ ၂၀ လောက်အကွာဝေးမှာ ပင်လယ်လှိုင်းအောက် မြုပ်ကျန်ခဲ့တဲ့ တချိန်တုန်းကအိမ်နေရာဟောင်းကို စိတ်မှန်းနဲ့ ကန်းခြေပေါ်ကနေရပ်လျက် လက်ညှိုးညွန်ကာ ပြောပြနေပါတယ်။ သူကတော့ဒီကျွန်းပေါ်မှာမွေးတဲ့ ဒီကျွန်းသားတစ်ယောက်ပါ။

ပင်လယ်ဒီရေတွေနဲအတူ ကမ်းခြေတစ်လျှောက် တစ်ဖြည်းဖြည်းနဲ့ ရေစီးကမ်းပြိုလာတဲ့အတွက် သူ့အိမ်က ဆယ်စုနှစ်တစ်ခုအတွင်းလောက်မှာပဲ သုံးကြိမ်းတိုင်တိုင် တစ်ဖြည်းဖြည်း ဒီရေလွတ်ရာဘက်သို့ ပြောင်းရွေ့လာခဲ့ရပြီ။
အခုလက်ရှိပြောင်းရွေ့လာတဲ့ အိမ်အသစ်ကလဲ ရှေ့ဆက် ဘယ်လောက်တာရှည်နေရအုံးမလဲဆိုတာ ပင်လယ်ဒီရေကာထားတဲ့တံတိုင်းလေး ခံနိုင်ရည်ဘက်လောက်ရှိမလဲဆိုတာရဲ့အပေါ်မှာပဲ မူတည်နေပါတယ်လို့ သူက ကျနော့် အမေးကို ဖြေဆိုခဲ့ပါတယ်။
ရာသီဥတုဖောက်ပြန်ခြင်းသဘာဝဘေးကိုအန်တုနေကြရတဲ့ကမ်းရိုတန်းအနိမ့်ပိုင်းဒေသများနှင့် ကျွန်းနိုင်ငံများတွင် နေထိုင်ကြသူ သဘာဝဘေးဒုက္ခသည် သန်းများစွားအနက် သူလဲ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေဖြစ်ရလေလေ ပျက်စီးဆုံးရှုံးမှုဘေးတွေကိုခံရတာ ပိုများလေလေပါပဲ။ ဆုံးရှုံးမှုတွေများခဲ့ကြသလို နောက်နောင်လဲ ရာသီဥတုဘေးဒဏ်ကြောင့် ပျက်စီဆုံးရှုံမှုက ဆက်ပြီး ရှိနေအုံးမှာပါပဲ။

ကရစ်ဘတီကျွန်းအတွက်တော့ ပင်လယ်ရေ အမြင့်ဆုံး စိုးရိမ်ရေမှတ် လေးမီတာအထက်ကျော်လွန်လို့တော့ရမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်းသူကျွန်းသားအာလုံးနီးပါး
လောက်က(ပင်လယ်ရေပြင်မျက်နှာအထက်)ပင်လယ်ကမ်းခြေနဲ့တစ်ကီလိုမီတာအတွင်းမှာနေထိုင်နေကြလို့ပါပဲ။

ဒါကြောင့် ကမ္ဘာ့ကြီးပူနွေးလာခြင်းကွန်ရက်တွင်းက လက်ငင်း ဒိဋ္ဌ အဆိုးဝါးဆုံး၊အကျိုးသက်ရောက်မှုအရှိဆုံးနှင့်အန္တရာယ်အကျရောက်နိုင်ဆုံးအဆင့်မှာ ဒီကျွန်းနိုင်ငံလေးက ကျရောက်လို့နေပါပြီ။ဒီကျွန်းရဲ့အနာဂတ်ဘ၀က အနာဂတ်မျှော်လင့်ချက်ရှိသေးသလားလို့ မေးဖို့တောင်လိုမယ်မထင်ပါဘူး။

သဘာဝဘေဒဏ်ကာကွယ်လျှော့ချရေး ယူအင်ဒီပီအရာရှိ ကရမ်ဘားနက်ကတော့ ၂၁၀၀ ခုနှစ်အရောက်မှာ ပင်လယ်ရေပြင်မျက်နှာက တစ်မီတာကျော်လောက်တက်ဖို့အလားအလာနေပြီး မြေပြန့်နေတဲ့ ကရစ်ဘီလိုမျိုး ကျွန်းတွေအတွက်တော့ ပင်လယ်ဒီရေတွေက ကုန်းတွင်းပိုင်းသို့ ခန်မြန်မြန်ရောက်လာနိုင်တယ်လို့ ခိုင်မာတဲ့သုသေနပြုချက်တွေအရသိရတယ်လို့ ပြောပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်မှာရာသီဥတပြောင်းလဲခြင်းအကြောင်းဆွေးနွေးလာတဲ့အခါကျယင်
ဖိစိဖိတ်သမုဒ္ဒရာပင်လယ်ရေပြင်အနိမ့်ပိုင်းမှာရှိကြတဲ့ သန္တာကျောက်တန်းကျွန်းစုနိုင်ငံပေါင်း (၃၃) နိုင်ငံဟာ ကမ္ဘာကြီးရဲ့ဆက်သွယ်မှုဧရိယာပြင်ပဖက်ကို အပို့ခံ ထားရတယ်။
ကရဘီကျွန်းအပါအ၀င် အခြားအလားတူ ဆင်းရဲတဲ့ ကျွန်းနိုင်ငံတွေနဲ့ ကမ်းခြေနိမ့်ဒေသများရှိ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ၊ ကာကွယ်အခန်းခဏ္ဍဆိုတဲ့ ကမ္ဘာ့ရေးရာများအနက် ထိပ်တန်းစာရင်းမှာ ထည့်ထားရုံသက်သက်မဟုတ်ဘဲ စာရင်းအတိုင်းလိုက်နာဆောက်ရွက်ဖို့ လဲလိုအပ်ပါတယ် လို့ထည့်ဆွေးနွေးသွားဖို့ရှိတယ်။

ကျွန်းအုပ်ချုပ်ရေးအကြီးအကဲကတော့ ဒီလိုပြောပါတယ်။ စီးပွားရေးမက်လုံးနဲ့တွေအတူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွတ်မှုလျော့ချရေးကိုဦးဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့ကို ကိုးကားပြီး ကာဘွန်ပွားတိုးစေတဲ့ကုန်သွယ်ရေးမျိုးက ကျနော်တို့လို သဘာဝဘေးဒုက္ခသည်းတွေအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းစေမှာတော့ မဟုတ်ပါဘူး။ ဒုက္ခကျရောက်နေတဲ့ ကျနော်တို့လိုလူတွေရော၊ ဒုက္ခရောက်လာမယ့် နောက်ထပ်ဒုက္ခသည်တွေရော ထောက်ပံရေးတွေ အရေးပေါ်လိုအပ်နေပါပြီ။ ဒါဟာတကယ့်ကို အလေးအနက်ထားရမယ့် အခြေနေတရပ်ပါပဲ။
ကျနော်တို့ အစိုးရအနေနဲ့လည်း အနာဂတ်အတွက် ပြန်လည်အခြေချနေထိုင်ဖို့ ကမ္ဘာသစ်ကို ထာဝစဉ် မျှော်လင့်စောင့်စားနေပါတယ်“တဲ့ ။ ( www.undp.org )မှ ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

ဒီဆောင်းပါးကပြောတဲ့သင်္ခန်းစာကတော့
ဒီကျွန်းနိုင်ငံလေးကို ကျနော်တို့ကိုယ်တိုင် သွားရောက်ကူညီပေးလို့ရနိုင်မယ့်အခွင့်အလမ်းမျိုးရရှိဖို့တော့ လွယ်ကူမယ်မထင်ပါဘူး။ သူတို့ အတွက် မြေအသစ်တစ်နေရာပေးဖို့လည်း မချမ်းသာပါဘူး။ သို့ပေမယ်လည်း
ဗုဒ္ဓရဲ့ အကြောင်းအကျိုးနိယာမသဘောတရားအရဖြစ်စေ၊
ဥတုနိယာမအရဖြစ်စေ၊
ဂေဟဗေဒစနစ်(Ecosystem)အရဖြစ်စေ၊

အဘိဓမ္မာဆရာက ဒီလိုပြောပါတယ်။
သီတုဏှောတုသမညတာ တေဇောဓာတု ဌိတိပ္ပတ္တာဝ ဥတုသမုဋ္ဌာနရူပံ အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ ယထာရဟံ သမုဋ္ဌာပေတိ။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ရူပပသမုဋ္ဌာနကဏ္ဍ၊)
ဆိုလိုချက်။ ။
မူလဓာတ်ကြီးလေးပါးထဲက အပူလှိုင်း၊အအေးလှိုင်းကို ဖြစ်ပေါ်စေတဲ့ တေဇောဓာတ် ဖြစ်တည်မှုကို ထိန်ညှိပေးထားနိုင်မှာသာ သက်ရှိတွေမှာရော သက်မဲ့တွေမှာပါ ဥတုနိယာမအရ အကြောင်းအကျိုးအားလျော်စွာ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။

ကမ္ဘာ့တဘက်ခြမ်းက လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်သံဟာ အခြားကမ္ဘာ့တဘက်ခြမ်းမှာ အိမ်မောကျနေတဲ့ အိမ်မြှောင်တစ်ကောင်ကို လန့်နိုးစေခဲ့ပြီ။ မက္ကစီကိုနိုင်ငံသားတွေရဲ့ နှာချေသံတွေဟာ အာရှတိုက်ကလူတွေကို ဆေးရုံရောက်စေခဲ့ပြီ(H1N1:D)။ အလောင်းတော်ရဲ့ဒီပင်္ကရာခြေတော်ရင်းမှာ ၀ပ်စဉ်းလိုက်ခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂၆၀၀ ခန့်ကဓမ္မစကြာတရားသံတွေကို မြည်ဟိန်းစေခဲ့ပြီ။

ဒါကြောင့်မို့လည်း ကျနော်တို့က ကာဗွန်တွေလျော့သုံးပေးးခြင်း၊ တောတောင်တွေကို ပြန်လည်စိုက်ပျိုးပေးခြင်း၊ တောပြုန်းတီးမှုဘေးမှကာကွယ်ပေးဖို့ ပညာပေးခြင်းခြင်း အကြောင်းကြောင့် ကမ္ဘာကြီးကပြန်လည်ကျန်းမာရှင်သန်လာနိုင်မယ့် အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်နေမိပါတယ်။ ။

Wednesday, January 6, 2010

အိပ်မက်ချစ်သူတွေက ရွက်လွင့်လာခဲ့ကြပြီ


မလာနဲ့ မတားဆီးခဲ့သူ၊
မပြန်နဲ့ မပြောဘူး ချစ်သူ၊
ကိုယ်ဟာ ဖွင့်လို့ထားတဲ့ တံခါးလေးတစ်ချပ်၊
အလွယ်တကူ မမုန်းတတ်ခဲ့သူ၊ အလွယ်တကူ မချစ်နဲ့ချစ်သူ၊
ကိုယ်ဟာနှလုံးသားရှိသူ မငိုချင်ခဲ့…………..

မဒီရဲ့ ”အိပ်မက်ချစ်သူ“ တေးသံစဉ်ကို နားထောင်ယင်း စိတ်ကူးတွေက တက်မပါတဲ့ ရေယာဉ်တစ်စီးလိုပဲ လွင့်မျောကာစီးပါလာခဲ့ပါတယ်။ ကျနော်အပါအ၀င် ကမ္ဘာ့လူသားတွေဟာ အိမ့်မက်ချစ်သူတွေပဲမဟုတ်ကြပါလား။

လွန်ခဲ့ပြီးအတိတ်တွေကကောင်းခဲ့တဲ့အာရုံတွေကိုရော၊ ဆိုးဝါးခဲ့တဲ့အာရုံတွေကိုပါ အမှတ်သညာယာဉ်ပေါ်ကို ဆွဲခေါ်တင်လိုက်ပြီး ကြံကြံဖန်ဖန် တုန့်ပြန်ကြပါတယ်။ မရောက်သေးတဲ့ ကောင်းကောင်း၊ ဆိုးဆိုးအာရုံတွေကိုလဲ (Hope)မျှော်တွေးပြီး ခံစားတုံ့ပြန်မှု(Reaction)ပေးကြပြန်ပါတယ်။ အမှန်တကယ်တော့ လက်ရှိပစ္စုပ္ပန်မှာပဲ ကောင်းကောင်းမွန်မွန်လုပ်ဆောင်စရာတွေကို အတိတ်အနာဂတ်အတွေးတွေနဲ့ မရောထွေးပစ်ဘဲ လုပ်ဆောင်သင့်ကြပါတယ်။ အတွေးတွေက လျှောက်လှမ်းရမယ့်လမ်းကို ဖင့်နှေးစေ၊ လင့်ဟင်းစေတာတော့အမှန်ပါပဲ။
အတိတ်နဲ့ အနာဂတ်အာရုံတွေက ပကတိဖြူစင်နေတဲ့ စိတ်ဓာတ်ခွန်အားကို ညစ်နွမ်းစေ၊ ပျော့ညံ့စေခဲ့ကြပါတယ်။ အလိုင်းမင်းမချိန်ထားတဲ့ယာဉ်တစ်စီးလိုပဲ ဘဲ့လန့်ခ်ျ(Balance)မဖြစ်တဲ့ ဘီးတွေနဲ့လမ်းမပေါ်မှာ မောင်းရတာ နှောက်နှေးစေသလိုပေါ့။

အတွေးတွေရောနှောထားတဲ့စိတ်ဓာတ်ဟာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် နှေးကွေး ဖင့်နှေး၊ယုတ်လျော့စေတာတော့အမှန်ပါပဲ။ ဘာနဲ့သွားတူပြန်သလဲဆိုတော့ ရေရောထားတဲ့ ဒီဇယ်ဆီနဲ့သွားတူနေပြန်ပါတယ်။ ရေရောဆီပါတဲ့ ကားကိုမောင်းရတာ လိုရာခရီးကိုအချိန်မီရောက်ဖို့ ဖင့်နှေးစေပါတယ်။ အတွေးအာရုံတွေနဲ့ ရောစပ်ထားတဲ့ စိတ်နဲ့ စာဖတ်ရတာ အရသာ မထိရှလှပါဘူး။ အတိတ်နဲ့အနာဂတ်တွေဆီကိုခဏခဏရောက်ရောက်သွားတတ်တဲ့ အတွေးအာရုံတွေက လက်ရှိဖတ်နေဆဲ ပစ္စုပ္ပန်စာဖတ်အာရုံကို ထုံထိုင်းတုံ့ဆိုင်းစေပါတယ်။ ဒါကိုပဲ စိတ်ပျံ့လွင့်နေတယ်လို့ အမည်ကင်ပွန်းတပ်ကြတာလားမသိပါဘူး။ ဘ၀သံသရာခရီးလျှောက်လှမ်းနေကြတဲ့ ကျနော်တို့အဖို့မှာ အတိတ်အနာဂတ်အာရုံတွေများစွာ ပွေ့ပိုက်လျက် အာရုံဝန်တွေပိကာ ယက်ကန်ယက်ကန်နဲ့ လျှောက်လှမ်းနေကြတဲ့သူတွေမဟုတ်ပါလား။

မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိ၊ ၀ိဘင်္ဂ၀ဂ် မှာတော့ တစ်ချိန်က ဒီလို မှတ်သားခဲ့ဖူးပါတယ်။

၁။ အတီတံ နာနွာဂမေယျ ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ ၊ အပ္ပတ္တဉ္စ အနာဂတံ ။
၂။ ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ ၊ တတ္ထ တတ္ထ ၀ိပဿတိ ။
အသံဟီရံ အသံကုပ္ပံ ၊ တံ ၀ိဒွါ အနုဗြူဟယေ ။
၃။ အဇ္ဖေ၀ ကိစ္စမာတပ္ပံ ၊ ကော ဇညံ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

ဆိုလိုချက်။ ။
၁။ အတိတ်တွေက ကျန်ရစ်နေခဲ့ပါပြီ၊
အနာဂတ်တွေကလဲ ရောက်မလာသေးပါဘူး။
၂။အတိတ်အစွန်းမှာရော အနာဂတ်အစွန်းမှာပါ တွယ်ကပ်မနေတော့ဘဲ ပစ္စုပ္ပန် ပဇ္ဈိမပဋိပဒါအလယ်လမ်းမှာပဲ အကျိုးရှိရှိ ဇွဲနပဲနဲ့ လျှောက်လှမ်းလာခဲ့ကြပါတော့။(ဆဋ္ဌမအာရုံဇာတ်ကားမှာတော့ လူနဲ့ဓားကို တစ်ထပ်တည်းကျအောင်လေ့ကျင့်ထားပါတဲ့)
၃။အခုလုပ်စရာတွေကို အခုပဲကောင်းကောင်းလုပ်လိုက်စမ်းပါ၊
မနက်ဖြန် တဘက်ခါဆိုတာ မသေချာမရေရာပါဘူး။
သေးမင်းက ငါတို့ဘ၀တွေကို စတေးပစ်ဖို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ စောင့်နေခဲ့ပြီ။
..................................
ငယ်ငယ်ကတည်းက ပြင်ပအာရုံတွေကိုပဲ ကျက်စားတတ်တဲ့အထုံပါလာတဲ့ စိတ်ကတော့ ကိုယ်ကျက်စားရာ ပတ်ဝန်းကျင်ကအရာတွေကို အမှတ်သညာနဲ့ တစ်ဖြည်းဖြည်းသိုမှီးသိမ်ဆည်းလာရာကနေ စိတ်တွေပေါ်မှာ ဆေးရောင်စုံတွေဆိုး၊ တံဆိပ်(label)တွေခတ်နှိပ်လာမိကြပါတယ်။ ကာလတွေကြာလာတော့လဲ အလေ့အထ၀ါသနာဟောင်း(Old Habitual Batten) အနေနဲ့ ပုံစံခွက်ထဲသွတ်သွင်ယူတဲ့အကျင့်ပါလာကြပါတယ်။
ကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ပြန်လည်ဖောက်သည်ချပြရယင်တော့………….

တစ်ခါတုန်းက ဇင်ရဟန်းနှစ်ပါး တစ်ခရီးတည်း အတူသွားကြပါသတဲ့။ လမ်းခရီးတစ်နေရာအရောက်မှာတော့ တောင်ကျစမ်းချောင်းကလေးတစ်ခုဆီကိုရောက်လာကြပါတယ်။ မိုးဦးကျစ ချောင်းရေက ရေစီးသန်နေလေတော့ ကီမိုနိုဝတ်စုံနဲ့ ကမ်းတစ်ဖက်ကို ကူးဖို့ ချီတုံချီချဖြစ်နေရှာတဲ့ ဂျပန်မလေးတစ်ယောက်နဲ့တွေ့ကြသတဲ့လေ။

ဟိုဘက်ကူးဖို့ ကြောက်နေရှာတဲ့ ကလေးမလေးကို ရဟန်းတစ်ပါးက မပြောမဆိုနဲ့ ပွေ့ယူလိုက်ကာ ချောင်းကိုဖြတ်ကူပြီး ချထားလိုကခဲ့တယ်။ ပြီးတော့ အဲဒီရဟန်းနှစ်ပါးက သွားလိုရာခရီးကို ဆက်လက်ကြွခဲ့ကြပါတယ်။ ကလေးမလေးကို မကူညီတဲ့ ကျန်ရဟန်းတစ်ပါးက လမ်းခရီးတစ်လျှောက် မနော စိတ်အစဉ်(မနေဒွါရ၀ီထိ-Mind Thought Procession)မှာ ” အင်း…. ဒီကိုယ်တော့်နှယ် ၊ ၀ိနည်းတွေထဲမှာ မာတုဂါမတွေကို ရဟန်းတို့က မတွေ့ထိကောင်းဘူးလို့ ပြောထားလျက်ပါနဲ့ ဒီကိုယ်တော်ကတော့ မအပ်မရာလုပ်လာခဲ့ပြီ“ ၊ ”အများတစ်ယောက်ယောက်ကများ မြင်တွေ့ ကြားသိခဲ့ရင် ကဲ့ရဲ့စရာပဲ ။ မအပ်မရာကိုလုပ်လိုက်တာပဲ“၊ အဲဒီလို အတွေးရေယာဉ်ကြောမှာ မျောစီးပြီး ကျောင်းသင်္ခန်းအထိဆိုက်ရောက်လာသတဲ့။
ကျောင်းရောက်တော့ သူသဘောမကျ၊ မကျေနပ်ခဲ့တဲ့အရာကို ပွေ့ယူကူညီခဲ့တဲ့ရဟန်းကို ဖွင့်ပြောလိုက်ပါတယ်။ ပွေ့လာခဲ့တဲ့ ရဟန်းက အဲဒီအတွေးကြားမှာမျောစီးလာတဲ့ ရဟန်းကို ဒီလိုပြန်ပြောလိုက်သတဲ့။
” အော်… အရှင်ဘုရားက အဲဒီကလေးမလေးကို ကျောင်းသင်္ခန်းအထိ(မနောဒွါရ၀ီထိနဲ့)သယ်ယူလာတုန်းပဲကိုး၊ တပည့်တော်ကတော့ အဲဒ်ီနေရာမှာပဲ ချထားခဲ့ပါပြီ“ တဲ့လေ။

ဒီလိုပဲ လူသားတွေကတော့ နေ့စဉ်နဲ့အမျှ ငါးပါးအာရုံ (ပဉ္စဒွါရ၀ီထိ- Five-Sensational Thought Procession)နဲ့ တွေ့ထိခံစားလာရပြီးသမျှ အတိတ်အာရုံတွေကိုရော၊ မတွေ့မထိမခံစားသေးရတဲ့ အနာဂတ်အာရုံတွေကိုပါ လက်ရှိ ပစ္စုပ္ပန်အာရုံနဲ့ ရောဆီလို ရောနှောရတာကို ၀ါသနာပါ(Accustom)လာခဲ့ကြတယ်။ အလေ့အထဟောင်းတစ်ခုအနေဖြင့်လည်း တုံပြန်မှု (Reaction)တွေလုပ်လာခဲ့ကြပါတယ်။

ဥပမာနောက်တစ်နည်းထပ်ပေးရယင် လူတစ်ယောက်ရဲ့လက်မှာ အနာခြောက်ခုဖြစ်နေပါတယ်။ အနာခြောက်ခုဖြစ်နေတဲ့လက်ကို ဆားငန်ရေထဲ စိမ်လိုက်ယင်တော့ ခြောက်နေရာက စပ်ဖျင်းဖျင်းခံစားကြရပါတယ်။ အနာလေးခုရှိတဲ့လက်ကို ဆားရေစိမ်ယင်တော့ လေးနေရာနာမှာ နာမှာပါပဲ။ အနာ(Mental Defilements)တစ်ခုမှ မရှိတဲ့ လက်ကို စိမ်ယင်တော့ စပ်ဖျင်းဖျင်းဝေဒနာကို မခံစားရတော့ပါဘူး။

လူတွေမှာလဲ မျက်စိအနာမှသည် စိတ်အနာအထိ မွေးရာပါ အပေါက်ခြောက်ခု(ဆအာယတန-Six Bases)ပါလာကြတယ်။ အဲဒီမျက်စိမှသည် စိတ်အထိအနာပေါက်တွေဟာ အာရုံဆိုတဲ့ ဆားငန်ရေ(Senses)နဲ့ထိတဲ့အခါကျတော့စပ်ဖျင်းဖျင်း(ဝေဒနာ-Sensation)ဖြစ်လာကြပါတယ်။ ဒီလိုစပ်ဖျင်းဖျင်းဖြစ်တဲ့အတွက်ကြောင့်ပဲ ဆောက်တည်ရာမရ နေ့စဉ်နဲ့အမျှ အနာပေါက်တွေကို ခဏတာကုသဖို့ လိမ်းဆေးတွေရော ၊ သောက်ဆေးတွေကိုပါ ရှာဖွေဖို့ ပြေးလွှားနေကြရပါတကားလို့ လယ်တီဆရာတော်ဘုရားစပ်ဆိုထားတဲ့
“မိုက်မလင်းနိုင်ဘူး၊ မြိုက်ခင်းညာဆီမှာ၊
ခါတော်မှီသီမဝေ့နိုင်ဘူး၊ ဒီကွေ့တွင် နေ့ကုန်မျောပြန်ရ၊
အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ”
ဆိုတာကို ညဉ်းတွားနေမိပြန်ပါတယ်။ တကယ်တော့ ရှာဖွေခဲ့သမျှဆေးတွေဟာ ဗုဒ္ဓပေးခဲ့တဲ့ သီလ၊ သမာဓိ၊ ပညာဆေး တွေမဟုတ်လေတော့ ရောဂါက အမြစ်ပြတ် မပျောက်ဘဲဖြစ်နေပါတယ်။ တစ်ချို့သောသူတွေကလဲ ရောဂါပျောက်မည်အထင်ဖြင့် ဆေးညွန်းဆေးစာကိုပဲ ဖတ်ကြပါတယ်။ တစ်ချို့ကတော့ လိမ်းရုံပဲ လိမ်းကြတယ်(သမာဓိ)။ လိမ်းတော့ ခဏတာပျောက်ပါတယ်။ တစ်ချို့ကတော့ အညွန်းမဖတ်ပဲ သောက်ကြပါတယ်။ တစ်ချို့ကျပြန်တော့ ဆေးညွန်းနဲ့ ဆေးကို မှန်မှန်ကန်ကန်မသောက်ကြပြန်ဘူး။ ဒါနဲ့ အနာတွေက အမြစ်ပြတ် မပျောက်ဘဲ ပြန်ပြန်ဖြစ်နေခဲ့တာပေါ့။

အဲဒါကြောင့် ကျနော်အပါအ၀င် ပုထုဇဉ်လူသားတွေဟာ အနာရူးတွေ၊ကိလေသာရူးတွေပါပဲ၊
( ပုထုဇ္ဖနော ဥမ္မတ္တကော)လို့ ပြောခဲ့ကြ၊ဆိုခဲ့ကြတာနေမှာပါပဲ ။ အနာတွေမရှိတဲ့လက်တွေဖြစ်နေပြီဆိုယင်တော့ ဆားငန်ရေနဲ့စိမ်ပေမယ့်လည်း စပ်ဖျင်းဖျင်းဝေဒနာကိုတော့ ခံစားရတော့မယ်မဟုတ်ဘူးပေါ့ဗျာ။ (ကိလေသာ)အနာပျောက်တဲ့သူပေါ့ဗျာ။ ဗြဟ္မာတွေမှာတော့ ဘုရားဖူးဖို့အတွက် မျက်စိနဲ့ တရားနာဖို့အတွက် နား ဆိုတဲ့ အနာပေါက်နှစ်ခုပဲပါတယ်ဆိုပဲ။

အင်း…………..ဒီလိုနဲ့ မဒီရဲ့ ”အိပ်မက်ချစ်သူ“ တေးသွားသံစဉ်က တိတ်သွားခဲ့ပေမယ့် ကျနော့်အတွေးရေယာဉ်မှာတော့ မရပ်နိုင်သေးဘဲ(သတိ)လှော်တက်တစ်ခုကို တပ်ဆင်လိုက်ပြီး လှိုင်းကလဲကြီး လေကလဲထန် ကမ်းမမြင်၊လမ်းမမြင် သမုဒ်ပင်လယ်ပြင်မှာ ၀ဲသြဃစုပ်မသွားခင် တစ်ဖက်ကမ်းဆီကို သစ္စာရှာပုံတော်ခရီးအတွက် ဆက်လက်ရွက်လွှင့်ရအုံးမယ်လေ။ ကဲ မြန်မြန်လေးလွှင့်ကြစို့လား