Monday, July 5, 2010

ဥာတတ္ထစရိယ နဲ့ Discrimination


ပရိတ်ကြီးရတနသုတ်မှာ အကျင့်(စရိယ)သုံးမျိုး ဖတ်ဖူးခဲ့တယ်။အဲဒါတွေကတော့…

၁။ လောကတ္ထစရိယ
၂။ ဥာတတ္တစရိယ
၃။ ဗုဒ္ဓတ္ထစရိယ လို့ သုံးမျိုးဖြစ်ကြပါတယ်။

အဲဒီသုံးမျိုးထဲက ဥာတတ္ထစရိယယူပုံနဲ့ပတ်သတ်ပီး မကွဲမပြား ၀ိုးတ၀ါးဖြစ်နေမိတဲ့အတွက် လွန်ခဲ့တဲ့တစ်လလောက်က အပေါင်းအသင်းတစ်ယောက်နဲ့ တက္ကစီပေါ်မှာထိုင်ရင်း ဆွေးနွေးဖြစ်ခဲ့ကြသေးတယ်။
ပါဠိတွေမှာ ဥာတိ = ဆွေမျိုး နဲ့ ကုလ= အမျိုး ဆိုတာတွေကို ဘယ်လို ဘယ်ပုံ ကွဲပြား၊တူညီကြတယ်ဆိုတာကို စဉ်းစားနေမိတာလဲ ကြာလှပါပြီ။
ဗုဒ္ဓကတော့ သူ့တရားကို စောက်ရှောက်သူ၊ သူ့တရားကို ကျင့်သူဟာ သူ့ကိုမြင်တဲ့သူလို့ ပြောထားခဲ့ပါတယ်။ မှတ်မိသလောက်တော့ ၀က္ကလိမထေရ်ကို ဒီလိုပြောခဲ့တာထင်တာပဲ။ ဗုဒ္ဓတရားကို မြင်သူက သူ့သားတော်များ၊ သမီးတော်များဖြစ်ကြတယ်။ ဗုဒ္ဓရဲ့ဆွေမျိုးတွေပေါ့။

မေတ္တသုတ်မှာ “မာနသံ ဘာဝယေ အပရိမာနံ“ တဲ့လေ။ ဆိုလိုချက်ကတော့ မေတ္တာစိတ်ကို အပိုင်းအခြားမဲ့(unlimited space) တိုင်အောင် ပို့လွှတ်ထားရမယ်ဆိုတာပါပဲ။ နောက်ပြီး ” အမျိုးဖြစ်လို့ အဂတိတရားသို့ အစဉ်မလိုက်ရဘူးတဲ့(ကုလေသွ-နာနုဂိဒ္ဓေါ=မျက်ကြီးရာ ဟင်းဖတ်မပါရ)တွေလဲ ပါသေးတယ်။ ဒါကလဲ ခွဲခြားဆက်ဆံမှုမရှိရလေအောင် ထောက်ပြနိုင်တဲ့ စကားအဆိုလေးတွေပါပဲ။ တကယ်လို့သာကိုယ့်အမျိုးတွက်သာ အဂတိတရာလိုက်စားကာ လုပ်နေရင်း အခြားတဖက်သား လူမျိုးတွေကို နာကျဉ်အောင်လုပ်နေခဲ့ယင်လည်း မေတ္တာနဲ့ယှဉ်တဲ့သူ၊ ဗြဟ္မ၀ိဟာရနဲ့ နေတဲ့သူလို့ ဘယ်လိုပြောလို့ရပါ့မလဲ။

မင်္ဂလသုတ်မှာတော့ “ဥာတကာနံစ သင်္ဂဟော=ဆွေမျိုးတွေကို ထောက်ပံရမည်“တဲ့လေ။ ဆွေမျိုးကို ယူဆနည်းကတော့ ဒီနေရာမှာ အညင်းပွားဖွယ်ရာကတော့ အမြင်ကျယ်သည့်အပေါ်တွင်မူတည်သည်ဟုထင်ပါသည်။

ဗုဒ္ဓက ပဌမ၀ါဆိုအပြီး ရဟန်းအပါး ၆၀ နဲ့ သံဃာဖွဲ့စည်းလိုက်ပါတယ်။ အဲဒီနောက်မှာ အများသတ္တ၀ါတွေအတွက်ဆိုပြီးတော့ လေ့လာ၊ကျင့်ကြံထားတဲ့အတိုင်း တစ်ကြောင်းတည်းသောလမ်းကို ရဟန်းနှစ်ပါးမသွားစေဘဲ ဓမ္မကို ဖြန့်ချိ့စေဖို့ ဓမ္မဒူတခရီး စေလွှတ်လိုက်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓရဲ့ ခွဲခြားဆက်ဆံမှု(Discrimination)မရှိတာကို ပေါ်လွင်စေပါတယ်။ ဘယ်သူ့အတွက်လဲ လို့မေးလာခဲ့ယင် အားလုံးအတွက်ပဲ(သတ္တာနံ ဟိတာယ=for the good of many)လို့ ဖြေရမှာဖြစ်လို့ပါပဲ။ ငါတို့ရဲ့ မိဘဆွေစင်ခုနစ်ဆက်အတွက်အမျိုးလား၊ သို့မဟုတ် ဘာသာစကားအုပ်စုကွဲတူသူ မွန်- မွန်ချင်း၊ ဗမာ- ဗမာချင်း၊ကရင်-ကရင်ချင်း၊ ရခိုင်-ရခိုင်ချင်း၊ အမျိုးတူသူ(ဥာတတ္ထ/ဥာတိ-အတ္ထ)လား၊

မြန်မာနိုင်ငံအရှိ နိုင်ငံတူသူ အမျိုး(ဥာတိ)လား၊ ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်ကြချင်းတူသူ ကမ္ဘာမြေပေါ်က လူသားအဖြစ်အမျိုးတူ(ဥာတတ္ထ)လား ဆိုတာ မကွဲမပြား ညင်းပွားဖွယ်ရာရှိနေကြမှာတော့သေချာပါတယ်။အမြင်ကျယ်လေလေ အမျိုးဆိုတာကို ယူဆပုံယူဆနည်းက မှန်ကန်ကြယ်ပြန့်လာလေလေဖြစ်မည်မှာ ဧကန်မလွဲပေတည်း။

ကုလသမဂ္ဂမှာပါတဲ့ “ကုလ“ နဲ့ ”သမဂ္ဂ” ပါဠိပုဒ် နှစ်ပုဒ်ကို ပေါင်းစပ်ထားတဲ့ ညီညွတ်တဲ့လူသားမျိုးနွယ်အဖွဲ့အစည်းလို့ အဓိပ္ပါယ်ရမယ်ထင်ပါတယ်။ ဒီလိုနေရာမှာပါတဲ့ ”ကုလ”ပါဠိပုဒ်က ကမ္ဘာမြေပေါ်မှာ ရှိတဲ့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ အမျိုးတူသတ္တ၀ါလို့ အဓိပ္ပါယ်သက်ရောက်နေပြန်တယ်။ ဒါဆိုယင် ကုလ - အမျိုးဆိုတဲ့ နေရာမှာ ချင်းလူမျိုးအချင်းချင်း၊ကချင်လူမျိုးချင်းချင်း၊ မွန်-မွန်ချင်း အမျိုးတူ(ဥာတိ/ကုလ)လို့ယူရင်တော့ ဘောင်ကကျဉ်းနေပြန်ရောပေါ့။ Discrimination လဲဖြစ်နေသလို ရှစ်ပါးသီလတွေမှာပါတဲ့ ဗြဟ္မ၀ိဟာရီ အကျင့်ကိုလဲ လွန်ကျူးဖောက်ဖျက်ရာကျနေပြန်တယ်။

ရတနသုတ်တွင်“ ဥာတတ္ထစရိယံ = အမျိုးတူများအတွက် အားကြိုးထုတ်ရာ၏“ ။ အမျိုးတူတယ်လို့ ပြောတာက လူသားမျိုနွယ်တူတာလား၊ ဘာသာစကားအုပ်စုတူလို အမျိုးတူလား၊ တစ်နိုင်ငံတည်းနေကြလို့ အမျိုးတူတာလား၊ မွန်၊ဗမာ၊ရခိုင်၊ရှမ်း စတဲ့ ဘာသာစကားအမျိုးတူတာတွေကိုပြောတာလားလို့ တစ်ခါတစ်လေ (လား)ပေါင်းများစွာနဲ့ စဉ်းစားခန်းဝင်နေမိတယ်ဗျာ။ ဒါဆို အမျိုးအဆွေဆိုတာ ကိုယ်ကျင့်တရားအရ အယူအဆတူရာတူရာကို အမျိုးတူလို့သတ်မှတ်ကြမလားပေါ့။ဥပမာ အရိယာအမျိုး၊ ပုထုဇဉ်မျိုး၊ ကိုယ်ကျင့်တရားတူရာတွေကို စုပြီးအမျိုးလို့ ဆိုယင်တော့ အရိယာပုဂ္ဂိုလ်အုပ်စုက အမျိုးတူတွေပေါ့။ ”ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်း“လို့ မြန်မာစကားပုံတစ်ခုတော့ ရှိပါတယ်။ ဒီလိုပဲ ကိုယ်ခင်မင်ရာ၊ ကိုယ်နဲ့ အကျင့်အာစာရတူသူကိုပဲ အမျိုးတူလို့သတ်မှတ်မလားဆိုတာကိုလဲ ကွဲကွဲပြားပြားကျုပ်မသိသေးတာတော့အမှန်ပါပဲ။ တစ်ရစ္ဆာန်များအတွက် နွား၊ နွားချင်းအမျိုးတူ၊ ကြောင် ကြောင်ချင်း၊ခွေး ခွေးချင်းအမျိုးတူ လို့ သတ်မှတ်လို့ရပေမယ့် အဲဒီ နွားတွေ၊ ကြောင်တွေ၊ ခွေးတွေထဲကမှ အခြားကြောင်မျိုးစိတ်၊ ခွေးမျိုးစိတ် ထပ်ကွဲပြားတာကို မျိုးစိတ်ကွဲ(Species) လို့သတ်မှတ်ကြမယ်ထင်ပါတယ်။

လူသားတစ်ယောက်ဖြစ်ဖို့ခက်တယ်(မနုဿတ္တဘာဝဒုလ္လဘ)လို့တော့ ပြောကြတယ်။ လူဆိုတာ နို့တိုက်သတ္တ၀ါတွေထဲက အသိဥာဏ်ရှိဆုံးသောသတ္တ၀ါတစ်မျိုး(Species) လို့ပြောကြမလား။ ဒါဆို ကမ္ဘာမြေပေါ်မှာ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ အမျိုးတူတာကို ပဲ ဥာတတ္ထစရိယလိုပြောပြီးတော့ မိဘမျိုးရိုးတော်သူတွေကိုတော့ ကုလလို့တောင်ပြောမလားလို့ တစ်ခါတစ်လေ ကျနော့်အတွက်တော့ ယောင်တောင်တောင်ပါပဲနော်။

ဘုရားလောင်းကတော့ မြောက်မျိုးဖြစ်တော့ သူနဲ့ အမျိုးတူ မြောက်တွေကိုကာကွယ် စောက်ရှောက်ခဲ့တာတွေ မှတ်ဖူးခဲ့ပါတယ်။ခွေးမျိုးကျပြန်တော့လဲ ခွေးတွေကို စောက်ရှောက်ခဲ့ပါတယ်။

ကြားဖူးထားတဲ့ အမေရိကန်ဥပဒေတွေကတော့ ကိုယ်သာလျှင် ကိုယ့်ရဲ့ အစိုးရ၊ ကိုယ့်ရဲ့တိုင်းပြည်ဖြစ်တယ်။ လူတစ်ဦးသားချင်းစီမှာ ကိုယ်ပိုင် နိုင်ငံရှိပြီးတော့ ကိုယ်ပိုင် အစိုးရရှိတယ်။ ဒါကြောင့် လူတိုင်းမှာ အခွင့်အရေးတန်းတူ ကိုယ်စီရှိကြတယ်လို့တောင်ကြားဖူးထားတယ်။ ”အတ္တာဟိ အတ္တနော နာထော= ကိုယ့်ကိုယ်သာ ကိုယ့်ရဲ့ဘ၀ပိုင်ရှင်ဖြစ်တယ်ဆိုတာနဲ့နီးစပ်မှုတော့ အတော်ရှိသားကလား။ လူသားအားလုံး တန်းတူဖြစ်တယ်ဆိုတဲ့အတိုင်း ပညတ်ကိုတော့ ထိုက်သင့်သလောက်ခွာချထားနိုင်တဲ့ ဥပဒေစကားတွေဟာ အမေရိကန်တွေအတွက်တော့ လူမျိုးစွဲကင်းကင်းတိုးတက်ရေးအတွက်များစွားအထောက်အကူပြုတာကတော့ အမှန်ပါပဲဗျာ။

တကယ်တော့ နိုင်ငံတို့၊ လူမျိုးတို့ဆိုတာ ပညတ်တရားတွေပါပဲ။ နာမည်ပညတ်တွေက တစ်ခုပေါ်တစ်ခုထပ်လာလေလေ ကိလေသာတွေက အားပြင်းလာလေလေပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိလသာနဲ ပညတ်တို့က အကြောင်းအကျိုး လည်ပတ်နေလို့ပါပဲတဲ့လေ။ အာရုံ-အကြောင်းတွေကြောင့် အာရမ္မဏိက-အကျိုးတွေဖြစ်တယ်လို့တော့ ပြောကြပါတာပဲ။ ပညတ်တရားတွေက ကိလေသာတို့ရဲ့ အာရုံပဲတဲ့လေ။ သင်္ခတပရမတ်တွေက ၀ိပဿနာရဲ့ အာရုံပဲတွေတဲ့။ အသင်္ခတပရမတ်တရားတွေကတော့ နိဗ္ဗာန်ရဲ့အာရုံပဲလို့ သီတဂူဆရာတော်ရဲ့တရားထဲမှာ နာကြားထားဖူးပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းများအနက်တစ်ခုဖြစ်တဲ့UNDPရဲ့လုပ်ငန်းတော်တော်များများကိုလေ့လာကြည့်ယင် ကမ္ဘာပေါ်က လူသားအနွယ်ကို ဗဟိုပြုလျက် ကုလ=လူသားမျိုးနွယ်အဖြစ်ယူဆထားပြီး လူတွေဆင်းရဲမွဲတေတာကို တိုက်ဖျက်ရေး၊ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲတွင်းက လွတ်မြောက်ရေးအတွက် ထောင်စုသစ်ရည်မှတ်ချက်ပြည့်မြောက်ဖို့အရေး MDGs (Millinion Development Goals) ကြိုးပမ်းအားထုတ်နေကြတာကိုတွေ့နေ ဖတ်နေရပါတယ်။ အဆိုတော် ရှကီရာ(Shakira) တောင်မှ အစွဲကင်းကင်းနဲ့ ကမ္ဘာပေါ်က ဆင်းရဲတဲ့ နိုင်ငံများဆီကို အချိန်နဲ့နေရာမရွေးချယ်ဘဲ(Wheneverwherever)သူမသီချင်းခေါင်းစဉ်အတိုင်းကမ္ဘာ့အကျိုးပြုလုပ်ငန်းတွေကို UNDPရဲ့ စေတနာ့သံတမန်အနေနဲ့ လူသားကောင်းကျိုးအတွက် လုပ်ဆောင်နေပါပြီ၊ အင်း ကျုပ်မှာတော့ဖြင့် ကရုဏာ၊မုဒိတာတွေကို ဘောင်ကွပ်ဖို့ ကြိုးစားရင်း ဒီမိုး ဒီရေ ဒီလေ ဒီလူ တွေနဲ့ပဲ လုံးထွေးရစ်ပတ်ရင်းနဲ့ အတွေးရေစီးကြောင်းထဲမျောပါနေဆဲပါကောလား။ ကျုပ်ရဲ့ ဥာတတ္ထစရိယကပဲ သူတို့ပြောနေတဲ့ ဥာတတ္ထစရိယ(=အမျိုးသား အကျိုးများရစေဖို့)နဲ့လွဲများလွဲနေရောသလားလို့ တက္ကစီပေါ်ကအတွေးစတွေကို စုတ်ဆေးချယ်သလိုက်ရပါသည် ဟရို့။

1 comment:

  1. ဆေးခြယ်ထားတော့လည်း ဆက်တွေးဖို့ စာဖတ်ရောက်ရတော့တာပေါ့။ တပည့်တော်ကတော့ ကွန့်မန့်ရေးဖို့ မပျင်းပေါင်

    ReplyDelete