Thursday, September 16, 2010

အရင်းအမြစ်များ ( ဟေတုပစ္စယော )


သစ်ပင်တစ်ပင်ရဲ့ ရေသောက်မြစ်သည် သစ်ပင် ဆက်လက်၍ အသက်ရှင်သန်ရေးအတွက် အရေးကြီးတဲ့ အခြေခံမူလ အရင်းအမြစ် ဖြစ်ပါသည်။ သစ်ပင်ရဲ့ အရွက်၊အပွင့် ၊အသီးများ ဆက်လက် ပွင့်လင်းဝေဆာနေစေရန် ရေသောက်မြစ်သည် အဓိကဖြစ်ပါသည်။ ထို့နည်းတူ သတ္တ၀ါ တစ်ဦးတစ်ယောက် ဘ၀သံရာတွင် ဆက်လက်၍ ဘ၀ရှင်သန်ရေးအတွက် ဟိတ်ခြောက်ပါး(လောဘ၊ဒေါသ၊မောဟ၊အလောဘ၊အဒေါသ၊အမောဟ)သည် အဓိကကျသော တရားများဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက် ဘ၀သံရာတွင် ဆက်လက်၍ ဘ၀ရဟတ် လည်ပတ်နေရန် ကုသိုလ်အရင်းအမြစ် သုံးမျိုးနှင့် အကုသိုလ်အရင်းအမြစ် သုံးမျိုးတို့ဖြင့် ထောက်အကူပြုထားပေးပါသည်။ ယင်းဟိတ်ခြောက်းပါးတွင် လောဘတရားသည် သမုဒယသစ္စာမည်ပေသည်။ ကုသိုလ်၊ အကုသိုလ်ကံများသည် ကာမ၊ရူပ၊အရူပ ဘုံဘ၀များတွင် ကျင်လည်စေရန် အကြောင်းအကျိုး သင်္ခါရတရားများပင် ဖြစ်ကြပါသည်။ ဒါကို ကံ (စေတနာ) ဟုလည်း ခေါ်ဆိုကြပါသေးသည်။

ကမ္ဘာမြေကြီးသည် သစ်ပင်တောအုပ်များနှင့် ပြည့်စုံစိမ်းလန်းနေမှာသာ သာယာစိုပြေမည် ဖြစ်ပါသည်။ သစ်ပင်တောတောင်မရှိလျင်ကား သတ္တ၀ါများ အသက်ရှင်သန်ရေးအတွက် အလွန်ပင် ခက်ခဲကြမည်ဖြစ်ပါသည်။ အပင်နှင့် ရေသည် အကြောင်းအကျိုးအနေဖြင့် တည်မှီနေကြပါသည်။ ရေမရှိလျင် အပင်လည်းမရှိနိုင်သလို၊ အပင်မရှိလျှင်လည်း လူသားများနေထိုရာဂြိုလ်သည်လည်း အင်္ဂါဂြိုလ်ကဲ့သို့ပင် ဂြိုလ်သေဖြစ်လေရတော့ကား သတ္တ၀ါများ အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်ကြတော့ပေ။ ထို့ကြောင့် သစ်တော သစ်ပင်များသည် ကမ္ဘာမြေကြီးရဲ့ အရင်းအမြစ်များ ဖြစ်သကဲ့သို့ မြေကြီးရဲ့ဆံပင်မွှေးညင်းများဟု ဆိုလျင်လည်း မှားအံ့မည်မထင်ပေ။

စာရေးသူ လာရောက်လာရောက်ပညာလေ့လာရာ သီရိလင်္ကာနိုင်ငံလေးသည် အရှေ့တောင်ဘက်၊အိန္ဒိယသမုဒ္ဒရာအစွန်းတွင်တည်ရှိသည့် လှပသည့်ကျွန်းနိုင်ငံကလေး ဖြစ်ပါသည်။

နိုင်ငံရဲ့ အလယ်ဗဟိုဒေသများတွင် စိမ်းလန်းစိုပြေသောတောင်တန်းများဖြင့် ထူထပ်လျက်ရှိပါသည်။ နိုင်ငံရဲ့ပြည်သူများသည် ဗုဒ္ဓဘာသာဝင် ၇၆% နှုံးရှိကြပြီး ဗုဒ္ဓဘာသာသည် နိုင်ငံတော်ရဲ့ အဓိကဘာသာလည်း ဖြစ်ပါသည်။ သစ်ပင်တောတောင်များ ချစ်ခင်နှစ်သက်ကြသောလူမျိုးများဟု ဆိုရလောက်အောင် မြို့တွင်း မြို့ပြင် နေရာအနှံ့အပြားတွင် သစ်တောသစ်ပင်များ ဖုံးလွှမ်းပြည့်နှက်နေသော ချစ်စဖွယ်ကျွန်းနိုင်ငံကလေးဖြစ်ပါသည်။

ကျွန်းနိုင်ငံဖြစ်သည့်အားလျော်စွာ ပင်လယ်ရေပြင်ပေါ်မှ ဖြတ်သန်း၍ တိုက်ခတ်လာသော ပရိုတိမ်းဓာတ်ပါသည့် လေနှင့် သစ်တောကြီးများမှ ထွက်သော အောက်စီဂျင်ဓာတ်များမှာ ပေါင်းဆုံပေး၍ ကျွန်းသူကျွန်းသားများအတွက် အလွန်အဖိုးတန်သော လေကောင်းလေသန့်များဖြစ်လာပါတော့သည်။ သီရိလင်္ကာကျွန်းရဲ့ မြို့တော်မှာ ကိုလံဘိုမြို့ဖြစ်ပြီး ပင်လယ်ကမ်းစပ်နားတွင် တည်ရှိလျက် နေ၀င်ရာ အနောက်အရပ်၊ အိန္ဒိယပြည်ဘက်သို့ မျက်နှာမူထားပါသည်။ ဒုတိယမြို့တော်မှာ ကန္ဒီမြို့ဖြစ်ပြီး တော်ပေါ်မြို့ကလေးပင်ဖြစ်ပါသည်။ မြို့ကြီးငယ်အားလုံးမဟူ ကျေးငှက် သာရကာများရဲ့ အသံကို မိုးလင်းသည်နှင့် ကြားနေရသည်မှာလည်း စိတ်ချမ်းမြေဖွယ်ရာကောင်းလှပေသည်။ သစ်တောဧရိယာဖုံးလွှမ်းမှုများသဖြင့် ကျွန်းသားများအတွက် မရှိမဖြစ်လိုအပ်သည့် ရေသယံဇာတလည်းပေါကြွယ်ဝလှပါသည်။

ရဟန်းအဖြစ်သည် ရခဲ၏(ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော)ဟု ဗုဒ္ဓကဆိုပါသည်။ ရဟန်းတစ်ပါး ဖြစ်လာပြီးနောက် သီလစတဲ့ အခက်အရွက်များ ဖွံ့ဖြို့ဝေဆာနေဖို့ရန် ပရိယတ်၊ပဋိပတ် ၊ ပဋိဝေဓ လို့ခေါ်တဲ့ သာသနာသုံးရပ် ရေသောက်မြစ်ရှိရန် လိုအပ်ပေသည်။ ယင်းရေသောက်မြစ်သုံးရပ်သည် တစ်ခုနှင့် တစ်ခု အကြောင့်အကျိုးပြု၍ တည်မှီလျက်ရှိပေသည်။ သီလကို ပရိယတ္တိ၊သမာဓိကို ပဋိပတ္တိ နှင့် ပညာကို ပဋိဝေဓဟုလည်း နှိုင်းယှဉ်၍ ခေါ်ဆိုနိုင်ပါသေးသည်။ ရှေးရှေး ဆရာတော်ဘုရားကြီးများက ပရိယတ္တိသည် ကန်ဘောင်ကြီးနှင်တူသည်။ ပဋိပတ္တိသည် ရေကန်ထဲက ရေနှင့်တူပြီး ပဋိဝေဓသည်ကား ပွင့်နေသည့် ကြာပန်းခိုင်နှင့်တူသည်ဟုလည်း တင်စားတော်မူခဲ့ကြပါသည်။

ဝိနည်းသည် သီလကို အထောက်အပံ့ပေးပါသည်။ သုတ္တန်သည် သမာဓိကို အထောက်အပံ့ပေးပါသည်။ အဘိဓမ္မာသည် ပညာကို အထောက်အပံ့ပေးပါသည်။ ၀ိနည်းကို အာဏာဒေသနာဟူ၍လည်း ခေါ်ပြီး မဟာကရုဏာတော်ဖြင့် ၀ိနည်းကို ပညတ်ခဲ့ပါသည်။ သုတ္တန်ကို ဝေါဟာရဒေသနာဟု ခေါ်ဆိုပြီး အဘိဓမ္မာကိုမူ ပရမတ္ထဒေသနာဟုလည်း ခေါ်ဆိုနိုင်ပါသည်။

သီရိလင်္ကာနိုင်ငံတွင် အရင်းအမြစ်တကာတို့တွင် ဘယ်အရင်းအမြစ်တွေက အားသာသည်၊ အားနည်းသည်ဆိုသည်ကား ကိုယ်တိုင် ဆက်လက်၍ လေ့လာရအုံးမည် ဖြစ်ပါသည်။ လူသားအခွင့်အရေး အရင်းအမြစ်လား၊ အတွင်း အဇ္ဈတ္တဖြစ်တဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း အရစ်အမြစ်လား၊ ပြင်ပဗဟိဒ္ဓရုပ်ဝတ္ထုဖြစ်တဲ့ ရေမြေသယံဇာတ အရင်းအမြစ်လား ဆိုတာကို ဆက်လက်လေ့လာ ရအုံးမည်ဖြစ်ပါသည်။

သီရိလင်္ကာရဲ့ အမာထည် အရင်းအမြစ်( Hardware Resources)၊ အပျော့ထည် အရင်းအမြစ် (Software Resources) ဟုနှစ်မျိုးရှိရာတွင် ကျွန်းနိုင်ငံဖြစ်သည်နှင့်အားလျော်စွာ ပင်လယ်ဆိမ်ကမ်း၊ ငါးဖမ်းလုပ်ငန်း၊ လက်ဖက်စိုက်ခင်းလုပ်ငန်းများ ထွန်းကားပါသည်။ လက်ဖက်လုပ်ငန်းသည် ကိုလိုနီဗိတိသျှတို့မှ ကျန်ရစ်ခဲ့သည့် ကောင်းမွေဖြစ်ပါသည်။

အပျော့ထည် အရင်းအမြစ်( Software Resources)များမှာကား နိုင်ငံသားများသည် ဗိတိသျှအမွေများကို ကောင်းမွန်စွားထိန်းသိမ်းလာသည့်အားလျော်စွာ စာတတ်မြောက်မှု များပြားကြပြီး အင်္ဂလိပ်စာကို နိုင်ငံသားတိုင်းလိုလိုက တတ်မြောက်ကြပါသည်။ ဗုဒ္ဓတရားတော်မျာကို ကမ္ဘာသို့ အင်္ဂလိပ်လို ရေး၍ စာအုပ်ထုတ်ဝေခြင်း၊ ဟောပြောခြင်းများဖြင့်လည်း အပျော့ထည် စီးပွားရေး ထွန်းကားပါသည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများရော၊ နိုင်ငံ့ခေါင်းဆောင်နှင့် တိုင်းသူပြည်သားအားလုံးများပါမကျန် ဗုဒ္ဓဘာသာတရားကို အထူးနားလည်ကြပါသည်။

ကမ္ဘာ့ပညာရှင်များလည်း သီရိလင်္ကာကို ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းပြတိုက်နိုင်ငံအဖြစ်ဖြစ်စေ၊ ရှေးဟောင်းသမိုင်းဌာနနယ်မြေများ အဖြစ်ဖြစ်စေ အသိအမှန်ပြုထားကြသည့်အားလျော်စွာ လာရောက်၍ သုသေတနပြုလေ့ရှိကြပါသည်။ မိမိတို့ မြန်မာပြည်သားများလည်း အခါအားလျော်စွာ ဘုရားဖူးများ လာရောက်လည်ပတ်ကြသည်။ သီရိလင်္ကာနိုင်ငံသားများသည်ကား နိုင်ငံခြားတိုင်းပြည်များတွင် အများအားဖြင့် ပညာရေး(Knowledge base)ဖြင့် အသက်မွေးကြကာ မိမိတို့ရဲ့နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေဖြည့်ဆည်းပေးကြပါသည်။

သီရိလင်္ကာနိုင်ငံသည် မိမိတို့ မြန်မာနိုင်ငံကဲ့သို အကျယ်အ၀န်းရော လူဦးရေပါ သေးငယ်လှပါသည်။ နိုင်ငံအကျယ်အ၀န်ဝန်းသည် မန္တလေးတိုင်းပမာဏခန့်ရှိပြီး လူဦးရေမှာ သန်း၂၀ ခန့်ရှိသည်။ လူဦးရေအချိုးနည်းသည့်အတိုင်း ရေမြေသယံဇာလည်း မြန်မာပြည်ကဲ့သို့ မကြွယ်ဝလှပေ။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသားများသည် ပညာရေးကဏ္ဍတွင် လူ့သားတွေဆီမှ ထွက်နိုင်ငံသည့် လူသားအရင်းအမြစ်ကို ထုတ်ယူဖို့ကြိုးစားကြရပါသည်။

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ရာခိုင်နှုန်း ၇၆% ရှိပြီး ဒုတိယအများဆုံးမှာ မူစလင်ဘာသာဝင်များဖြစ်ကြပါသည်။ လူမျိုးအားဖြင့် ဆင်ဟလီလူမျိုးနှင့် တမီလ်လူးမျိုးများရှိကြသဖြင့် ကျွန်းပေါ်တွင် လူမျိုးရေး ပဋိပက္ခ ပြည်တွင်းစစ်မီးတောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲပါသည်။ ၁၉၄၈ ခုနှစ်တွင် ဗိတိသျှအစိုးရမှ လွတ်လပ်ရေးရခဲ့ပြီး ပါလီမာန်ဒီမိုရေစီစနစ်ကိုကျင့်သုံးသည် သမ္မတနိုင်ငံတော်ဖြစ်ပါသည်။ ပြည်တွင်းစစ်မှာ ရေရှည်ကြာခဲ့ပါသည်။ ၂၀၀၉၊မတ်လတွင် ယခု သမ္မတ လက်ရှိ မဟိန္ဒလက်ထက်တွင် တမီလ်လူမျိုးစုတော်လှန်ရေးသမားတို့ကို အပြတ်ချေမှုန်းနိုင်ခဲ့သဖြင့် သီရီလင်္ကာကျွန်းပေါ်တွင် ပြည်တွင်းစစ် စတင် ကင်းစင်သွားသည့်နှစ်ဟုပင် ကမ္ပည်းတင်ရမလို ဖြစ်နေပါတော့သည်။

သီရိလင်္ကာနှင့် မြန်မာပြည် ဆက်ဆံရေးမှာ ပုဂံခေတ် ဆပ္ပဒမထေရ်လက်ထက်ကတည်းကပင် ဘာသရေးအရ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြပါသည်။ နှစ်နိုင်ငံမင်းများက ဗုဒ္ဓဘာသာကို အကြောင်းပြု၍ နှစ်နိုင်ငံ ခိုင်မာတဲ့ သံတမာန်ဆက်ဆံရေး ရှိခဲ့ကြပါသည်။ ရုပ်ဝတ္ထုတိုးပွားရေး( Material Development) အတွက် အထူးပင်မရှိခဲ့သော်လည်း စိတ်ဓာတ်ဖြူစင်ရေး( Spiritaul Development) အတွက် များစွာ ခိုင်မာခဲ့ကြပါသည်။ အပြန်အလှန်ဘာသာရေးအရ ကူညီအားပေးမှုသည် ပုဂံခေတ်မှသည် ယနေ့တိုင်အောင် ဆက်လက် အဓွန့်ရှည်တည်တံ့လျက် ရှိပါနေတော့သည်။

No comments:

Post a Comment