Monday, December 7, 2009

နားလည်ပေးပါတယ် လောကဓမ်ရယ်....


လောကမှာ အကောင်းလေးမျိုး အဆိုးလေးမျိုးနဲ့ နေ့စဉ်လည်ပတ်အစားထိုးကာရှာဖွေနေကြတာဟာ (လောကဓမ္မ=) လောကဓမ်ပါပဲတဲ့။ လောကဓမ်ရှစ်မျိုးရှိတယ်ဆိုတာလဲ လူတိုင်းသိကြမယ်ထင်ပါတယ်။ လူအများက အဓိပ္ပါယ်ကောက်မှားလို့ ဆင်းရဲတာ၊ မကောင်းတာခံစားနေရတာကိုပဲ လောကဓမ်လို့ထင်ခဲ့ကြပါတယ်။ မြန်မာစကားမှာ ဖွင့်ဆိုမှု မှားခဲ့တဲ့စကားလုံးတွေက ခပ်များများပဲမဟုတ်ပါလား။ ဥပေက္ခာကို လစ်လျူရှုတယ် ဆိုတဲ့စကားလုံးမျိုးတွေနဲ့ အဓိပ္ပါယ်ဖွင့်ခဲ့သလိုမျိုးပေါ့။ လောကဓမ်ကို ဆက်ပြောရယင်တော့ဖြင့် ရှစ်မျိုးရှိပါတယ်။

၁။ လာဘ- လာဘ်ရခြင်း
၂။ အလာဘ- လာဘ်မရခြင်း
၃။ ယသ- အခြံအရံပေါခြင်း
၎။ အယသ- အခြံအရံမဲ့ခြင်း
၅။ နိန္န - ကဲ့ရဲခံရခြင်း
၆။ ပသံသ- ချီးမွမ်းခံရခြင်း
၇။ သုခ- ချမ်းသာခြင်း
၈။ ဒုက္ခ- ဆင်းရဲခြင်း


ကောင်းတာလေးမျိုး၊ မကောင်းတာလေးမျိုး ၊ပေါင်းတော့ ရှစ်မျိုးရှိပါတယ်။ အဓိပ္ပါယ်ကောက်ယူတာမှားလာခဲ့ကြတော့ မကောင်းတာနဲ့ဆင်းရဲတာကိုပဲ လောကဓမ်လို့ မြန်မာလူမျိုးတို့ရဲ့စိတ်ထဲမှာ ရှိနေကြတယ်။ အဲဒီရှစ်မျိုးကိုပဲ တစ်ခုနဲ့ တစ်ခု အစားထိုး ပြောင်းလဲပေးခြင်းဖြင့် နေ့ ၊ ရက်၊ လ၊ နှစ် တွေကို မိမိရဲ့အသက်နဲ့ ပေါင်း၊ မြှောက်၊ စား လာကြတယ်။ ဒါနဲ့ အသက်ကြီးလာကြပြီး ဘ၀ဟောင်းတစ်ခု ရပ်တန့်ကာ နောက်ဘ၀သစ်တစ်ခုဆိုတဲ့ သစ်ပင်တစ်ပင်ကို စတင်စိုက်ပျိုးလာကြရတော့တယ်။ မဇ္ဈိမပဋိပဒါ အလယ်လမ်းစဉ်ဆိုတာ ကောင်းလေပါး အစွန်းတစ်ဖက်ကိုလည်းမကပ်ညိ၊ မကောင်းလေးပါး အစွန်းတစ်ဖက်ကိုလည်း မကပ်ညိတာ မျိုးကိုဆိုလိုတာဖြစ်ကြောင်းပါ။ နေ့စဉ်လူသားများကတော့ ဟိုဘက်အစွန်းကိုရော ဒီဘက်အစွန်းကိုပါ ကပ်ညိပီး အမှန်မသိမှု မောဟနဲ့ အစားထိုး လျစ်လျုပစ်နေကြပါတယ်( Objects are replaced by ignorance )။ မောဟနဲ့ ချေဖျက်တယ်ဆိုတာကတော့ ရှေ့အာရုံဟောင်းတစ်ခုကို နောက်အာရုံအသစ်တစ်ခုနဲ့အစားထိုးလျက် လျစ်လျူရှုလျက်သယ်လာတာကို ဆိုလိုတာပါပဲ။ ဘုရားကတော့ ဥပမာလွယ်လွယ်နဲ့ ထင်ရှားအောင် လျောင်း ၊ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အိရိယာပုဒ်လေးပါးအာရုံကို သတိလက်လွတ်ကာ တစ်ခုနဲ့ တစ်ခုအပြောင်းလဲလုပ်နေတာရဲ့အစပ်( ဥပမာ-အထိုင်နဲ့ အထ)မှာ မသိခြင်းမျိုးပဲဟေလို့ ပြောခဲ့တာပါ။ ဒါကြောင့်ပဲ ဗုဒ္ဓက အကျဉ်းချုံးစကား လျောင်း၊ ထိုင် ၊ ရပ်၊သွား လေးပါးအိရိယာပုထ်(=၀ိဟရတိ) မမေ့အလျော့ မပေါ့အဆ သတိရှိရှိ နေရစ်ခဲ့ကြလော့ ချစ်သားတို့(=အပ္ပဒေန သမ္ပာဒေထ) နောက်ဆုံးစကား မိန့်ထားခဲ့တာမှာပါပဲ။ လူတွေဟာ ပြင်ပအာရုံချမ်းသာတာဟာ ငါတကယ်ချမ်းသာတာပဲလို့ သညာနဲ့ မှတ်ထင်ပီး နေ့စဉ်အစားထိုးတောက်လျှောက်လိုက်နေကြပါတယ်။ ဒါကြောင့် လိုက်လေလေ မောလေလေဖြစ်ပီး ပျော်ရွှင်ငြိမ်းချမ်းမှုတွေ ဝေးသထက် ဝေးဝေးလာ လေလေပါပဲတဲ့။ တံလျပ်ကို ရေထင် ရွှေသမင် အလိုက်မှားခဲ့ပီပေါ့။

ပုံစံပြောင်းလွှဲပြီးသယ်ယူလာတဲ့အတွက် အမှန်တရားတစ်ခုကို လူသားတွေက ရှာဖွေလို့မရခဲ့တာဖြစ်မယ်ထင်ပါတယ်။ တံလျပ်ဆိုတဲ့စကားလုံးက တံ = ရေ၊ လျပ်= အရိပ်အရောင် (အငွေ့) လို့ပြောရမယ်ထင်ပါတယ်။ နေပူအရှိန်ကြောင့် တရိပ်ရိပ်ထနေတဲ့ တံလျပ်ဟာ တကယ်တော့ ရေအစစ်တော့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ရေကိုဆာလောင်မွတ်သိပ်လှသည့် သညာသိ ရွှေသမင်လေးအဖို့မှာတော့ သောက်ရလိုက်ယင်တော့ အမောပြေစေမည့်ရေ လို့ထင်နေပါတယ်။

လူသားတွေဟာလဲ အတွင်းက လောဘ၊ ဒေါသ၊ မောဟမီး အငွေ့တွေ့က လောင်ကျွမ်းစရာ မြင်တွေ့နေရတဲ့ အာရုံတွေကို အစစ်အမှန် သုခပဲလို့ အထင်ရောက်ပြီး နေ့စဉ်လိုက်လံရှာဖွေလျက်လောင်ကျွမ်းပစ်ကြပါတယ်။ ရွှေသမင် တံလျပ်ကို ရေထင်သလိုမျိုးပဲပေါ့။ တကယ်တော့ အပြင်မှာ နေ့စဉ်နဲ့အမျှရှာဖွေနေတဲ့အရာတွေဟာ လောဘ၊ ဒေါသ၊ မောဟမီးတွေနဲ့ အငွေ့ပျံ အလင်းတိုက်စားလို့ နေစဉ်ရှာဖွေလာသမျှအာရုံတွေဟာ ၀သွားတယ်။ အားရသွားတယ်ဆိုတာ မရှိပါဘူး။ ဒီလိုအာရုံမီးစာကို အာရမ္မဏိကကိလေသာလောင်ကျွမ်းလိုက်တာကိုတော့ သတိမမူလျင် မြူ(မီးအငွေ့)ကိုပင် မမြင်စွမ်းနိုင်တာဟာ မောဟရဲ့လက်ချက်ကြောင့်ပါပဲတဲ့။

လယ်တီဆရာတော်ဘုရားကလည်း လူအများ ငါးပါးအာရုံမှာ ရှေ့အာရုံတစ်ခုကို နောက်အာရုံတစ်ခုနဲ့ နေ့စဉ်အစားထိုးလျက် နစ်မျောနေတဲ့ သဘောမျိုးကို သံဝေဂတေးထပ်နဲ့ရေးပြတော်မူခဲ့ပါတယ်။

“ငါးအာရုံ ဘင်အစု၊ ခင်မှုနဲ့ နေ့အကုန်၊
နင်ယခု မေ့ပုံလို ၊ တွေ့မကြုံစခမ်း၊
ပယ်လေးဝ သောကဘုံမှာ ၊ မျောရယုံရှိတော့ ခမန်း။
အော်အ၀ီစိ သောင်းအငူမှာ ခေါင်းမပြူစတမ်း၊
နှစ်အရှည်နစ်မည်လမ်းကိုလ ၊ နင်မျှော်စမ်းနင့်ကို၊
ဒေသနာထင်အလင်းရယ်နဲ့ နင့်အဖျင်းပိုထက်သာပို၊
သည်လောဘစရိုက်အိုကို ..............”
စသည်ဖြင့် နောင်လာနောက်သားတပည့်များအတွက် သတိသံဝေဂ ရရှိရန် ရေးစပ်ကုံးခဲ့သည် မဟုတ်ပါလား။

အော်....တကယ်တော့လဲ လောကဓမ်ဆိုတာ ကောင်းကောင်း ဆိုးဆိုး နှစ်မျိုးစလုံးကို ဆိုလိုတာပါပဲ။ အဲဒီနှစ်မျိုး ကြုံတွေ့လာယင် စိတ်ဓာတ်ယိမ်းယိုင်မသွားအောင် ထိန်းသိမ်းထားနိုင်တဲ့ ပဇ္ဈိမပဋိပါဒါ အစွန်းနှစ်ဖက်ကင်းတဲ့ အလယ်လမ်းစဉ် ဖြစ်တဲ့ ကောင်းကောင်း ဆိုးဆိုး တုန်လှုပ်ခြင်း မရှိဘူး( ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ ) ဆိုတာ ဒီလိုမျိုးအဓိပ္ပါယ်တွေပြည့်ဝနေပါလိမ့်မယ်လို့ တွေးတောပြီးတွေးတောနေမိရင်း.........



No comments:

Post a Comment