Tuesday, January 12, 2010

အတ္တခန်းကျဉ်းထဲက ပိုင်ရှင်အမှန်ကို ငါရှာဖွေနေခဲ့ပြီ


လောကတွင် အရာဝတ္ထုများကို ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကိုယ်စီ ကိုယ်စီ သူပိုင်၊ ငါပိုင်၊ အများပိုင်လို့ သတ်မှတ်ထားကြတာများပါတယ်။ ရုပ်ဝတ္ထုတွေကို ပညတ်(သမုတိသစ္စာ) ဘာသာစကားနဲ့တော့ ပိုင်တယ်။ မပိုင်ဘူးလို့ ပြောလို့ရကောင်းပေမယ့် (ပရမတ္ထသစ္စာ)ကတော့ မီနစ်စက္ကန့်တိုင်းပြောင်းလဲနေတဲ့ အတွင်းရုပ်(အဇ္ဈတ္တိက)၊ အပြင်ရုပ် (ဗဟိဒ္ဓ)တွေကတော့ သူဘာသာသူ စကားလုံးမရှိ ၊ အချိန်ကာလမရှိစွာနဲ့ အကြောင်းအကျိုးသဘာဝအတိုင်း ပြောင်းလဲ ပြောင်းလဲပြီးတော့ အစားထိုး၊အစားထိုး သွားကြပါတယ်။ ငါတို့က ဘေးကနေ အတ္တတွေနဲ့ ၀င်ရောက်စွက်ဖက်ပြီးတော့ ငါပိုင်တယ်လို့ အော်ပြောပြီး ကျန်ရစ်နေခဲ့ကြတာပေါ့။

လမ်းမကြီးဘေးမှာ အိမ်ဆောက်ပြီး နေထိုင်တဲ့လူတစ်ယောက်လို လမ်းပေါ်ကဖြတ်သွားတဲ့ ကားအမျိုးအမျိုးတွေကို ငါ့ကား ၊ သူ့ကားနဲ့ ပြောပြောပြီး အချိန်တွေကုန်လွန်ခဲ့ကြပါတယ်။ တကယ်တော့ သူ့အလုပ်သူ လုပ်လျက် အစားထိုးပြောင်းလဲသွားတဲ့ ရုပ်ဓာတ်တွေရော၊ နာမ်ဓာတ်တွေကိုပါ ငါတို့က မီတာတွေကို ကြည့်ပြီး ဂဏန်းသင်္ချာတွေအောက်မှာ လက်ညှိုးတွေကို အကြိမ်ကြိမ်ချိုးရင်း ရေတွက်နေခဲ့ကြတယ်လေ။

ကိလေသာတရား (၁၀) ပါးကတော့ ဘယ်လူမျိုး ၊ ဘယ် နိုင်ငံ၊ ဘယ်လို အ၀တ်အစားတွေ ၀တ်ထားတဲ့ သူတွေက မူပိုင်( Copyright) လုပ်ထားပါသလဲလို့ တစ်ခါတစ်လေကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးနေမိပါတယ်။ ပရိတ်ကြီးမှာတော့ တရားနာဖို့အတွက် စက္က၀ါဠာတရား (သမန္တာ စက္က၀ါဠေသု )တဲ့။ ဒါကို ကျနော်တို့ တစ်တွေက ငါ့နိုင်ငံပိုင်၊ ငါ့လူမျိုးပိုင်နဲ့ မူပိုင်တွေလုပ်ပစ်ထားခဲ့တာလဲ ကြာခဲ့ပြီ့။ အနိစ္စတွေကို နိစ္စလို့ လုပ်ခဲ့တာပေါ့။

ဘုရားဂုဏ်တော်ကိုးပါးမှာလဲ ”သတ္ထာ ဒေ၀မနုဿာနံ“ လို့ ပြောပါတယ်။ ဆိုလိုရင်းကတော့ “နတ်၊လူတို့ရဲ့ဆရာဟာ ငါဘုရားပဲကွာ”တဲ့လေ။ နောက်တစ်ခုက “ မနုဿတ္တဘာဝေါ ဒုလ္လဘော” ”လူဖြစ်ခဲတယ်“တဲ့လေ ။ ဘယ်နိုင်ငံကလူလို့လဲ မခွဲခြားခဲ့ပါဘူး။ “ လူ” လို့ပဲသာမန် သုံးခဲ့ပါတယ်။ ဘယ်နေရာ ၊ဘယ်နိုင်ငံ၊ ဘယ်လိုဝတ်စားဆင်ထုံးဖွဲ့မှုတွေနဲ့ လူတွေပါလို့ သတ်မှတ်ချက်မထားခဲ့ပါဘူး။ ဒါကို ငါတို့က မိုက်မှားစွာနဲ့ ငါတို့လူမျိုးအတွက်သာလို့ သတ်မှတ်ခဲ့ပါတယ်။ ဘောင်ကျဉ်းကျဉ်းကြားမှာ ကိုယ့်ဘာသာကိုပဲ ဘာသာဝင်ဇာတ်သွင်း အကျဉ်းချခဲ့ကြပါတယ်။ ငါ့ဘာသာငါပဲ အကျဉ်းကျအောင် ငါလုပ်ပစ်ခဲ့ပါတယ်။

ဘာသာဝင်ဆိုတာတွေနဲ့ ခွဲခြားခဲ့ကြတယ်။ မူစလင်၊ခရစ်ယာန်ဆိုတဲ့ ပညတ်တွေနဲ့ ရန်မူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါတွေဟာ ကိုယ်စီမွေးရာပါ တပ်လာကြတဲ့ မျက်မှန်စိမ်းတွေပေါ့။ ဗုဒ္ဓက ဘာသာဝင်တစ်ခုအနေနဲ့ မဟောကြားခဲ့တာကို ငါတို့က ကိုယ့်ဘာသာကိုယ်ပဲ ဘာသာဝင်လို့ ဘောင်သွင်း အကျဉ်းချခဲ့ကြပါတယ်။ လောကမှာ ရေတို့ လေတို့ဟာ သတ္တ၀ါအာလုံးအတွက် ဖြစ်ပါတယ်။ ကိလေသာဆယ်ပါး( အကျဉ်းအားဖြင့် လောဘ၊ဒေါသ၊မောဟ) တွေဟာ ဘယ်သူပဲ လွန်ကျုးပါစေ ဘာသာစကားမရှိပဲနဲ့ကို အကျိုးပေးတာပါပဲ။ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေလဲပဲ မျက်နှာမလိုက်ပါဘူး။ ဒါကြောင့်မို့လဲ စက္က၀ဠာတရား( Universal True) လို့ ပြောခဲ့ကြတာပေါ့။

ငါတို့ ဘုရားလောင်းဟာ ဒီပင်္ကရာလက်ထက်မှသည် ယခုဘဒ္ဒကမ္ဘာတွင် ဘုရားမဖြစ်မီ အချိန်ထိ အလောင်းတော်ဘ၀အတွင်း ဘုရားပွင့်ရာကာလနဲ့ ၂၄ ဆူပဲ ကြုံဆုံပါခဲ့တယ်လို့ အခြေပြုပဋ္ဌာန်းမှာဆိုပါတယ်။ အဲဒီဘုရား ၂၄ ဆူနဲ့ တွေမြင်ခဲ့ရလို့ ဗုဒ္ဓဘာသာဝင်လို့ ပညတ်ကပ်ပေးရင် (Label)ကပ်ပေးလို့ ရကောင်းပေမယ့် သုညကမ္ဘာ အသင်္ချေတွေမှာ ဘုရားလောင်းက ဘယ်ဘာသာဝင်အဖြစ်နဲ့ ပါရမီဖြည့်ကျင့်နေခဲ့တာလဲပေါ့။ ယခုအခါမှာ မူဆလင်တံဆိပ်တွေ၊ ခရစ်ယာန်တံဆိပ်တွေ၊ ဂျုး၊ ဆိခ်၊ ဟိန္ဒူ ဆိုတဲ့ ပညတ်တံဆိပ်တွေနဲ့ အချိန်တွေကို ဖြုန်းတီးပစ်ရင်း ပညတ်တရားတွေအောက် ပိပြားနေခဲ့တာဟာလဲ ငါတို့ပါပဲ။

ဗုဒ္ဓက ပုဂ္ဂိုလ်၊ နိုင်ငံ၊ ကျား၊မ၊ မခွဲခြားပဲ သာမန်ဟောထားတဲ့ ဂါထာတစ်ပုဒ်က ဒီလိုပါ။
သဗ္ဗပါပဿ အကာရဏံ၊ ကုသလဿ ဥပသမ္ပဒါ ။
သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓနသာသနံ။
ဆိုလိုချက်။ ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားတဲ့။
( ဗုဒ္ဓဘာသာဝင်အတွက်သာ သီးသန့်တော့မဟုတ်ပေလောက်ဘူး။)

ဘယ်သူတွေက အကုသိုလ်လုပ်လုပ် အကုသိုလ်အကျိုးကိုတော့ လုပ်သူရမှာဖြစ်ပါတယ်။ ဘယ်သူတွေက ကုသိုလ်လုပ်လုပ် ကုသိုလ်အကျိုးကိုတော့ လုပ်သူရမှာဖြစ်ပါတယ်။ နိုင်ငံ ၊ လူမျိုး၊ အ၀တ်အစား၊ ကျား၊မ၊ ကြီး ၊ ငယ်တွေနဲ့ ဆိုင်တယ် ၊ မဆိုင်ဘူးလား ဆိုတာကိုလဲ ငါက အမြဲတမ်း အချိန်ကုန်ခံ စဉ်းစားခန်းဝင်နေခဲ့ပါတယ်။ ငါ့ ပါးစပ်ကတော့ ”သမန္တာ စက္က၀ါဠေသု၊ အန္တရာ ဂစ္ဆန္တု ဒေ၀တာ”လို စက္က၀ါဠာမှာ ရှိတဲ့ နတ်တွေကို တရားနာဖို့ ဖိတ်ခဲ့ပေမယ့် ငါကိုယ်တိုင်ကျတော့ အတ္တအခန်းကျဉ်းမှာ ပုန်းကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ကိလေသာနာမ်တရားတွေကို မူပိုင်လုပ်ထားတဲ့ အတ္တအခန်းကျဉ်းထဲက ပိုင်ရှင်အမှန်ကို ငါရှာဖွေနေခဲ့ပြီ်။

Friday, January 8, 2010

အနာဂတ်ခရီး မရေရာလှတဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေထဲက ခရစ်ဘတီဘဝ




မီတာ ၂၀ လောက်အကွာဝေးမှာ ပင်လယ်လှိုင်းအောက် မြုပ်ကျန်ခဲ့တဲ့ တချိန်တုန်းကအိမ်နေရာဟောင်းကို စိတ်မှန်းနဲ့ ကန်းခြေပေါ်ကနေရပ်လျက် လက်ညှိုးညွန်ကာ ပြောပြနေပါတယ်။ သူကတော့ဒီကျွန်းပေါ်မှာမွေးတဲ့ ဒီကျွန်းသားတစ်ယောက်ပါ။

ပင်လယ်ဒီရေတွေနဲအတူ ကမ်းခြေတစ်လျှောက် တစ်ဖြည်းဖြည်းနဲ့ ရေစီးကမ်းပြိုလာတဲ့အတွက် သူ့အိမ်က ဆယ်စုနှစ်တစ်ခုအတွင်းလောက်မှာပဲ သုံးကြိမ်းတိုင်တိုင် တစ်ဖြည်းဖြည်း ဒီရေလွတ်ရာဘက်သို့ ပြောင်းရွေ့လာခဲ့ရပြီ။
အခုလက်ရှိပြောင်းရွေ့လာတဲ့ အိမ်အသစ်ကလဲ ရှေ့ဆက် ဘယ်လောက်တာရှည်နေရအုံးမလဲဆိုတာ ပင်လယ်ဒီရေကာထားတဲ့တံတိုင်းလေး ခံနိုင်ရည်ဘက်လောက်ရှိမလဲဆိုတာရဲ့အပေါ်မှာပဲ မူတည်နေပါတယ်လို့ သူက ကျနော့် အမေးကို ဖြေဆိုခဲ့ပါတယ်။
ရာသီဥတုဖောက်ပြန်ခြင်းသဘာဝဘေးကိုအန်တုနေကြရတဲ့ကမ်းရိုတန်းအနိမ့်ပိုင်းဒေသများနှင့် ကျွန်းနိုင်ငံများတွင် နေထိုင်ကြသူ သဘာဝဘေးဒုက္ခသည် သန်းများစွားအနက် သူလဲ တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေဖြစ်ရလေလေ ပျက်စီးဆုံးရှုံးမှုဘေးတွေကိုခံရတာ ပိုများလေလေပါပဲ။ ဆုံးရှုံးမှုတွေများခဲ့ကြသလို နောက်နောင်လဲ ရာသီဥတုဘေးဒဏ်ကြောင့် ပျက်စီဆုံးရှုံမှုက ဆက်ပြီး ရှိနေအုံးမှာပါပဲ။

ကရစ်ဘတီကျွန်းအတွက်တော့ ပင်လယ်ရေ အမြင့်ဆုံး စိုးရိမ်ရေမှတ် လေးမီတာအထက်ကျော်လွန်လို့တော့ရမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်းသူကျွန်းသားအာလုံးနီးပါး
လောက်က(ပင်လယ်ရေပြင်မျက်နှာအထက်)ပင်လယ်ကမ်းခြေနဲ့တစ်ကီလိုမီတာအတွင်းမှာနေထိုင်နေကြလို့ပါပဲ။

ဒါကြောင့် ကမ္ဘာ့ကြီးပူနွေးလာခြင်းကွန်ရက်တွင်းက လက်ငင်း ဒိဋ္ဌ အဆိုးဝါးဆုံး၊အကျိုးသက်ရောက်မှုအရှိဆုံးနှင့်အန္တရာယ်အကျရောက်နိုင်ဆုံးအဆင့်မှာ ဒီကျွန်းနိုင်ငံလေးက ကျရောက်လို့နေပါပြီ။ဒီကျွန်းရဲ့အနာဂတ်ဘ၀က အနာဂတ်မျှော်လင့်ချက်ရှိသေးသလားလို့ မေးဖို့တောင်လိုမယ်မထင်ပါဘူး။

သဘာဝဘေဒဏ်ကာကွယ်လျှော့ချရေး ယူအင်ဒီပီအရာရှိ ကရမ်ဘားနက်ကတော့ ၂၁၀၀ ခုနှစ်အရောက်မှာ ပင်လယ်ရေပြင်မျက်နှာက တစ်မီတာကျော်လောက်တက်ဖို့အလားအလာနေပြီး မြေပြန့်နေတဲ့ ကရစ်ဘီလိုမျိုး ကျွန်းတွေအတွက်တော့ ပင်လယ်ဒီရေတွေက ကုန်းတွင်းပိုင်းသို့ ခန်မြန်မြန်ရောက်လာနိုင်တယ်လို့ ခိုင်မာတဲ့သုသေနပြုချက်တွေအရသိရတယ်လို့ ပြောပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်မှာရာသီဥတပြောင်းလဲခြင်းအကြောင်းဆွေးနွေးလာတဲ့အခါကျယင်
ဖိစိဖိတ်သမုဒ္ဒရာပင်လယ်ရေပြင်အနိမ့်ပိုင်းမှာရှိကြတဲ့ သန္တာကျောက်တန်းကျွန်းစုနိုင်ငံပေါင်း (၃၃) နိုင်ငံဟာ ကမ္ဘာကြီးရဲ့ဆက်သွယ်မှုဧရိယာပြင်ပဖက်ကို အပို့ခံ ထားရတယ်။
ကရဘီကျွန်းအပါအ၀င် အခြားအလားတူ ဆင်းရဲတဲ့ ကျွန်းနိုင်ငံတွေနဲ့ ကမ်းခြေနိမ့်ဒေသများရှိ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ၊ ကာကွယ်အခန်းခဏ္ဍဆိုတဲ့ ကမ္ဘာ့ရေးရာများအနက် ထိပ်တန်းစာရင်းမှာ ထည့်ထားရုံသက်သက်မဟုတ်ဘဲ စာရင်းအတိုင်းလိုက်နာဆောက်ရွက်ဖို့ လဲလိုအပ်ပါတယ် လို့ထည့်ဆွေးနွေးသွားဖို့ရှိတယ်။

ကျွန်းအုပ်ချုပ်ရေးအကြီးအကဲကတော့ ဒီလိုပြောပါတယ်။ စီးပွားရေးမက်လုံးနဲ့တွေအတူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွတ်မှုလျော့ချရေးကိုဦးဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့ကို ကိုးကားပြီး ကာဘွန်ပွားတိုးစေတဲ့ကုန်သွယ်ရေးမျိုးက ကျနော်တို့လို သဘာဝဘေးဒုက္ခသည်းတွေအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းစေမှာတော့ မဟုတ်ပါဘူး။ ဒုက္ခကျရောက်နေတဲ့ ကျနော်တို့လိုလူတွေရော၊ ဒုက္ခရောက်လာမယ့် နောက်ထပ်ဒုက္ခသည်တွေရော ထောက်ပံရေးတွေ အရေးပေါ်လိုအပ်နေပါပြီ။ ဒါဟာတကယ့်ကို အလေးအနက်ထားရမယ့် အခြေနေတရပ်ပါပဲ။
ကျနော်တို့ အစိုးရအနေနဲ့လည်း အနာဂတ်အတွက် ပြန်လည်အခြေချနေထိုင်ဖို့ ကမ္ဘာသစ်ကို ထာဝစဉ် မျှော်လင့်စောင့်စားနေပါတယ်“တဲ့ ။ ( www.undp.org )မှ ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

ဒီဆောင်းပါးကပြောတဲ့သင်္ခန်းစာကတော့
ဒီကျွန်းနိုင်ငံလေးကို ကျနော်တို့ကိုယ်တိုင် သွားရောက်ကူညီပေးလို့ရနိုင်မယ့်အခွင့်အလမ်းမျိုးရရှိဖို့တော့ လွယ်ကူမယ်မထင်ပါဘူး။ သူတို့ အတွက် မြေအသစ်တစ်နေရာပေးဖို့လည်း မချမ်းသာပါဘူး။ သို့ပေမယ်လည်း
ဗုဒ္ဓရဲ့ အကြောင်းအကျိုးနိယာမသဘောတရားအရဖြစ်စေ၊
ဥတုနိယာမအရဖြစ်စေ၊
ဂေဟဗေဒစနစ်(Ecosystem)အရဖြစ်စေ၊

အဘိဓမ္မာဆရာက ဒီလိုပြောပါတယ်။
သီတုဏှောတုသမညတာ တေဇောဓာတု ဌိတိပ္ပတ္တာဝ ဥတုသမုဋ္ဌာနရူပံ အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ ယထာရဟံ သမုဋ္ဌာပေတိ။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ရူပပသမုဋ္ဌာနကဏ္ဍ၊)
ဆိုလိုချက်။ ။
မူလဓာတ်ကြီးလေးပါးထဲက အပူလှိုင်း၊အအေးလှိုင်းကို ဖြစ်ပေါ်စေတဲ့ တေဇောဓာတ် ဖြစ်တည်မှုကို ထိန်ညှိပေးထားနိုင်မှာသာ သက်ရှိတွေမှာရော သက်မဲ့တွေမှာပါ ဥတုနိယာမအရ အကြောင်းအကျိုးအားလျော်စွာ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။

ကမ္ဘာ့တဘက်ခြမ်းက လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်သံဟာ အခြားကမ္ဘာ့တဘက်ခြမ်းမှာ အိမ်မောကျနေတဲ့ အိမ်မြှောင်တစ်ကောင်ကို လန့်နိုးစေခဲ့ပြီ။ မက္ကစီကိုနိုင်ငံသားတွေရဲ့ နှာချေသံတွေဟာ အာရှတိုက်ကလူတွေကို ဆေးရုံရောက်စေခဲ့ပြီ(H1N1:D)။ အလောင်းတော်ရဲ့ဒီပင်္ကရာခြေတော်ရင်းမှာ ၀ပ်စဉ်းလိုက်ခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂၆၀၀ ခန့်ကဓမ္မစကြာတရားသံတွေကို မြည်ဟိန်းစေခဲ့ပြီ။

ဒါကြောင့်မို့လည်း ကျနော်တို့က ကာဗွန်တွေလျော့သုံးပေးးခြင်း၊ တောတောင်တွေကို ပြန်လည်စိုက်ပျိုးပေးခြင်း၊ တောပြုန်းတီးမှုဘေးမှကာကွယ်ပေးဖို့ ပညာပေးခြင်းခြင်း အကြောင်းကြောင့် ကမ္ဘာကြီးကပြန်လည်ကျန်းမာရှင်သန်လာနိုင်မယ့် အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်နေမိပါတယ်။ ။

Wednesday, January 6, 2010

အိပ်မက်ချစ်သူတွေက ရွက်လွင့်လာခဲ့ကြပြီ


မလာနဲ့ မတားဆီးခဲ့သူ၊
မပြန်နဲ့ မပြောဘူး ချစ်သူ၊
ကိုယ်ဟာ ဖွင့်လို့ထားတဲ့ တံခါးလေးတစ်ချပ်၊
အလွယ်တကူ မမုန်းတတ်ခဲ့သူ၊ အလွယ်တကူ မချစ်နဲ့ချစ်သူ၊
ကိုယ်ဟာနှလုံးသားရှိသူ မငိုချင်ခဲ့…………..

မဒီရဲ့ ”အိပ်မက်ချစ်သူ“ တေးသံစဉ်ကို နားထောင်ယင်း စိတ်ကူးတွေက တက်မပါတဲ့ ရေယာဉ်တစ်စီးလိုပဲ လွင့်မျောကာစီးပါလာခဲ့ပါတယ်။ ကျနော်အပါအ၀င် ကမ္ဘာ့လူသားတွေဟာ အိမ့်မက်ချစ်သူတွေပဲမဟုတ်ကြပါလား။

လွန်ခဲ့ပြီးအတိတ်တွေကကောင်းခဲ့တဲ့အာရုံတွေကိုရော၊ ဆိုးဝါးခဲ့တဲ့အာရုံတွေကိုပါ အမှတ်သညာယာဉ်ပေါ်ကို ဆွဲခေါ်တင်လိုက်ပြီး ကြံကြံဖန်ဖန် တုန့်ပြန်ကြပါတယ်။ မရောက်သေးတဲ့ ကောင်းကောင်း၊ ဆိုးဆိုးအာရုံတွေကိုလဲ (Hope)မျှော်တွေးပြီး ခံစားတုံ့ပြန်မှု(Reaction)ပေးကြပြန်ပါတယ်။ အမှန်တကယ်တော့ လက်ရှိပစ္စုပ္ပန်မှာပဲ ကောင်းကောင်းမွန်မွန်လုပ်ဆောင်စရာတွေကို အတိတ်အနာဂတ်အတွေးတွေနဲ့ မရောထွေးပစ်ဘဲ လုပ်ဆောင်သင့်ကြပါတယ်။ အတွေးတွေက လျှောက်လှမ်းရမယ့်လမ်းကို ဖင့်နှေးစေ၊ လင့်ဟင်းစေတာတော့အမှန်ပါပဲ။
အတိတ်နဲ့ အနာဂတ်အာရုံတွေက ပကတိဖြူစင်နေတဲ့ စိတ်ဓာတ်ခွန်အားကို ညစ်နွမ်းစေ၊ ပျော့ညံ့စေခဲ့ကြပါတယ်။ အလိုင်းမင်းမချိန်ထားတဲ့ယာဉ်တစ်စီးလိုပဲ ဘဲ့လန့်ခ်ျ(Balance)မဖြစ်တဲ့ ဘီးတွေနဲ့လမ်းမပေါ်မှာ မောင်းရတာ နှောက်နှေးစေသလိုပေါ့။

အတွေးတွေရောနှောထားတဲ့စိတ်ဓာတ်ဟာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် နှေးကွေး ဖင့်နှေး၊ယုတ်လျော့စေတာတော့အမှန်ပါပဲ။ ဘာနဲ့သွားတူပြန်သလဲဆိုတော့ ရေရောထားတဲ့ ဒီဇယ်ဆီနဲ့သွားတူနေပြန်ပါတယ်။ ရေရောဆီပါတဲ့ ကားကိုမောင်းရတာ လိုရာခရီးကိုအချိန်မီရောက်ဖို့ ဖင့်နှေးစေပါတယ်။ အတွေးအာရုံတွေနဲ့ ရောစပ်ထားတဲ့ စိတ်နဲ့ စာဖတ်ရတာ အရသာ မထိရှလှပါဘူး။ အတိတ်နဲ့အနာဂတ်တွေဆီကိုခဏခဏရောက်ရောက်သွားတတ်တဲ့ အတွေးအာရုံတွေက လက်ရှိဖတ်နေဆဲ ပစ္စုပ္ပန်စာဖတ်အာရုံကို ထုံထိုင်းတုံ့ဆိုင်းစေပါတယ်။ ဒါကိုပဲ စိတ်ပျံ့လွင့်နေတယ်လို့ အမည်ကင်ပွန်းတပ်ကြတာလားမသိပါဘူး။ ဘ၀သံသရာခရီးလျှောက်လှမ်းနေကြတဲ့ ကျနော်တို့အဖို့မှာ အတိတ်အနာဂတ်အာရုံတွေများစွာ ပွေ့ပိုက်လျက် အာရုံဝန်တွေပိကာ ယက်ကန်ယက်ကန်နဲ့ လျှောက်လှမ်းနေကြတဲ့သူတွေမဟုတ်ပါလား။

မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိ၊ ၀ိဘင်္ဂ၀ဂ် မှာတော့ တစ်ချိန်က ဒီလို မှတ်သားခဲ့ဖူးပါတယ်။

၁။ အတီတံ နာနွာဂမေယျ ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ ၊ အပ္ပတ္တဉ္စ အနာဂတံ ။
၂။ ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ ၊ တတ္ထ တတ္ထ ၀ိပဿတိ ။
အသံဟီရံ အသံကုပ္ပံ ၊ တံ ၀ိဒွါ အနုဗြူဟယေ ။
၃။ အဇ္ဖေ၀ ကိစ္စမာတပ္ပံ ၊ ကော ဇညံ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

ဆိုလိုချက်။ ။
၁။ အတိတ်တွေက ကျန်ရစ်နေခဲ့ပါပြီ၊
အနာဂတ်တွေကလဲ ရောက်မလာသေးပါဘူး။
၂။အတိတ်အစွန်းမှာရော အနာဂတ်အစွန်းမှာပါ တွယ်ကပ်မနေတော့ဘဲ ပစ္စုပ္ပန် ပဇ္ဈိမပဋိပဒါအလယ်လမ်းမှာပဲ အကျိုးရှိရှိ ဇွဲနပဲနဲ့ လျှောက်လှမ်းလာခဲ့ကြပါတော့။(ဆဋ္ဌမအာရုံဇာတ်ကားမှာတော့ လူနဲ့ဓားကို တစ်ထပ်တည်းကျအောင်လေ့ကျင့်ထားပါတဲ့)
၃။အခုလုပ်စရာတွေကို အခုပဲကောင်းကောင်းလုပ်လိုက်စမ်းပါ၊
မနက်ဖြန် တဘက်ခါဆိုတာ မသေချာမရေရာပါဘူး။
သေးမင်းက ငါတို့ဘ၀တွေကို စတေးပစ်ဖို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ စောင့်နေခဲ့ပြီ။
..................................
ငယ်ငယ်ကတည်းက ပြင်ပအာရုံတွေကိုပဲ ကျက်စားတတ်တဲ့အထုံပါလာတဲ့ စိတ်ကတော့ ကိုယ်ကျက်စားရာ ပတ်ဝန်းကျင်ကအရာတွေကို အမှတ်သညာနဲ့ တစ်ဖြည်းဖြည်းသိုမှီးသိမ်ဆည်းလာရာကနေ စိတ်တွေပေါ်မှာ ဆေးရောင်စုံတွေဆိုး၊ တံဆိပ်(label)တွေခတ်နှိပ်လာမိကြပါတယ်။ ကာလတွေကြာလာတော့လဲ အလေ့အထ၀ါသနာဟောင်း(Old Habitual Batten) အနေနဲ့ ပုံစံခွက်ထဲသွတ်သွင်ယူတဲ့အကျင့်ပါလာကြပါတယ်။
ကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ပြန်လည်ဖောက်သည်ချပြရယင်တော့………….

တစ်ခါတုန်းက ဇင်ရဟန်းနှစ်ပါး တစ်ခရီးတည်း အတူသွားကြပါသတဲ့။ လမ်းခရီးတစ်နေရာအရောက်မှာတော့ တောင်ကျစမ်းချောင်းကလေးတစ်ခုဆီကိုရောက်လာကြပါတယ်။ မိုးဦးကျစ ချောင်းရေက ရေစီးသန်နေလေတော့ ကီမိုနိုဝတ်စုံနဲ့ ကမ်းတစ်ဖက်ကို ကူးဖို့ ချီတုံချီချဖြစ်နေရှာတဲ့ ဂျပန်မလေးတစ်ယောက်နဲ့တွေ့ကြသတဲ့လေ။

ဟိုဘက်ကူးဖို့ ကြောက်နေရှာတဲ့ ကလေးမလေးကို ရဟန်းတစ်ပါးက မပြောမဆိုနဲ့ ပွေ့ယူလိုက်ကာ ချောင်းကိုဖြတ်ကူပြီး ချထားလိုကခဲ့တယ်။ ပြီးတော့ အဲဒီရဟန်းနှစ်ပါးက သွားလိုရာခရီးကို ဆက်လက်ကြွခဲ့ကြပါတယ်။ ကလေးမလေးကို မကူညီတဲ့ ကျန်ရဟန်းတစ်ပါးက လမ်းခရီးတစ်လျှောက် မနော စိတ်အစဉ်(မနေဒွါရ၀ီထိ-Mind Thought Procession)မှာ ” အင်း…. ဒီကိုယ်တော့်နှယ် ၊ ၀ိနည်းတွေထဲမှာ မာတုဂါမတွေကို ရဟန်းတို့က မတွေ့ထိကောင်းဘူးလို့ ပြောထားလျက်ပါနဲ့ ဒီကိုယ်တော်ကတော့ မအပ်မရာလုပ်လာခဲ့ပြီ“ ၊ ”အများတစ်ယောက်ယောက်ကများ မြင်တွေ့ ကြားသိခဲ့ရင် ကဲ့ရဲ့စရာပဲ ။ မအပ်မရာကိုလုပ်လိုက်တာပဲ“၊ အဲဒီလို အတွေးရေယာဉ်ကြောမှာ မျောစီးပြီး ကျောင်းသင်္ခန်းအထိဆိုက်ရောက်လာသတဲ့။
ကျောင်းရောက်တော့ သူသဘောမကျ၊ မကျေနပ်ခဲ့တဲ့အရာကို ပွေ့ယူကူညီခဲ့တဲ့ရဟန်းကို ဖွင့်ပြောလိုက်ပါတယ်။ ပွေ့လာခဲ့တဲ့ ရဟန်းက အဲဒီအတွေးကြားမှာမျောစီးလာတဲ့ ရဟန်းကို ဒီလိုပြန်ပြောလိုက်သတဲ့။
” အော်… အရှင်ဘုရားက အဲဒီကလေးမလေးကို ကျောင်းသင်္ခန်းအထိ(မနောဒွါရ၀ီထိနဲ့)သယ်ယူလာတုန်းပဲကိုး၊ တပည့်တော်ကတော့ အဲဒ်ီနေရာမှာပဲ ချထားခဲ့ပါပြီ“ တဲ့လေ။

ဒီလိုပဲ လူသားတွေကတော့ နေ့စဉ်နဲ့အမျှ ငါးပါးအာရုံ (ပဉ္စဒွါရ၀ီထိ- Five-Sensational Thought Procession)နဲ့ တွေ့ထိခံစားလာရပြီးသမျှ အတိတ်အာရုံတွေကိုရော၊ မတွေ့မထိမခံစားသေးရတဲ့ အနာဂတ်အာရုံတွေကိုပါ လက်ရှိ ပစ္စုပ္ပန်အာရုံနဲ့ ရောဆီလို ရောနှောရတာကို ၀ါသနာပါ(Accustom)လာခဲ့ကြတယ်။ အလေ့အထဟောင်းတစ်ခုအနေဖြင့်လည်း တုံပြန်မှု (Reaction)တွေလုပ်လာခဲ့ကြပါတယ်။

ဥပမာနောက်တစ်နည်းထပ်ပေးရယင် လူတစ်ယောက်ရဲ့လက်မှာ အနာခြောက်ခုဖြစ်နေပါတယ်။ အနာခြောက်ခုဖြစ်နေတဲ့လက်ကို ဆားငန်ရေထဲ စိမ်လိုက်ယင်တော့ ခြောက်နေရာက စပ်ဖျင်းဖျင်းခံစားကြရပါတယ်။ အနာလေးခုရှိတဲ့လက်ကို ဆားရေစိမ်ယင်တော့ လေးနေရာနာမှာ နာမှာပါပဲ။ အနာ(Mental Defilements)တစ်ခုမှ မရှိတဲ့ လက်ကို စိမ်ယင်တော့ စပ်ဖျင်းဖျင်းဝေဒနာကို မခံစားရတော့ပါဘူး။

လူတွေမှာလဲ မျက်စိအနာမှသည် စိတ်အနာအထိ မွေးရာပါ အပေါက်ခြောက်ခု(ဆအာယတန-Six Bases)ပါလာကြတယ်။ အဲဒီမျက်စိမှသည် စိတ်အထိအနာပေါက်တွေဟာ အာရုံဆိုတဲ့ ဆားငန်ရေ(Senses)နဲ့ထိတဲ့အခါကျတော့စပ်ဖျင်းဖျင်း(ဝေဒနာ-Sensation)ဖြစ်လာကြပါတယ်။ ဒီလိုစပ်ဖျင်းဖျင်းဖြစ်တဲ့အတွက်ကြောင့်ပဲ ဆောက်တည်ရာမရ နေ့စဉ်နဲ့အမျှ အနာပေါက်တွေကို ခဏတာကုသဖို့ လိမ်းဆေးတွေရော ၊ သောက်ဆေးတွေကိုပါ ရှာဖွေဖို့ ပြေးလွှားနေကြရပါတကားလို့ လယ်တီဆရာတော်ဘုရားစပ်ဆိုထားတဲ့
“မိုက်မလင်းနိုင်ဘူး၊ မြိုက်ခင်းညာဆီမှာ၊
ခါတော်မှီသီမဝေ့နိုင်ဘူး၊ ဒီကွေ့တွင် နေ့ကုန်မျောပြန်ရ၊
အတောဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ”
ဆိုတာကို ညဉ်းတွားနေမိပြန်ပါတယ်။ တကယ်တော့ ရှာဖွေခဲ့သမျှဆေးတွေဟာ ဗုဒ္ဓပေးခဲ့တဲ့ သီလ၊ သမာဓိ၊ ပညာဆေး တွေမဟုတ်လေတော့ ရောဂါက အမြစ်ပြတ် မပျောက်ဘဲဖြစ်နေပါတယ်။ တစ်ချို့သောသူတွေကလဲ ရောဂါပျောက်မည်အထင်ဖြင့် ဆေးညွန်းဆေးစာကိုပဲ ဖတ်ကြပါတယ်။ တစ်ချို့ကတော့ လိမ်းရုံပဲ လိမ်းကြတယ်(သမာဓိ)။ လိမ်းတော့ ခဏတာပျောက်ပါတယ်။ တစ်ချို့ကတော့ အညွန်းမဖတ်ပဲ သောက်ကြပါတယ်။ တစ်ချို့ကျပြန်တော့ ဆေးညွန်းနဲ့ ဆေးကို မှန်မှန်ကန်ကန်မသောက်ကြပြန်ဘူး။ ဒါနဲ့ အနာတွေက အမြစ်ပြတ် မပျောက်ဘဲ ပြန်ပြန်ဖြစ်နေခဲ့တာပေါ့။

အဲဒါကြောင့် ကျနော်အပါအ၀င် ပုထုဇဉ်လူသားတွေဟာ အနာရူးတွေ၊ကိလေသာရူးတွေပါပဲ၊
( ပုထုဇ္ဖနော ဥမ္မတ္တကော)လို့ ပြောခဲ့ကြ၊ဆိုခဲ့ကြတာနေမှာပါပဲ ။ အနာတွေမရှိတဲ့လက်တွေဖြစ်နေပြီဆိုယင်တော့ ဆားငန်ရေနဲ့စိမ်ပေမယ့်လည်း စပ်ဖျင်းဖျင်းဝေဒနာကိုတော့ ခံစားရတော့မယ်မဟုတ်ဘူးပေါ့ဗျာ။ (ကိလေသာ)အနာပျောက်တဲ့သူပေါ့ဗျာ။ ဗြဟ္မာတွေမှာတော့ ဘုရားဖူးဖို့အတွက် မျက်စိနဲ့ တရားနာဖို့အတွက် နား ဆိုတဲ့ အနာပေါက်နှစ်ခုပဲပါတယ်ဆိုပဲ။

အင်း…………..ဒီလိုနဲ့ မဒီရဲ့ ”အိပ်မက်ချစ်သူ“ တေးသွားသံစဉ်က တိတ်သွားခဲ့ပေမယ့် ကျနော့်အတွေးရေယာဉ်မှာတော့ မရပ်နိုင်သေးဘဲ(သတိ)လှော်တက်တစ်ခုကို တပ်ဆင်လိုက်ပြီး လှိုင်းကလဲကြီး လေကလဲထန် ကမ်းမမြင်၊လမ်းမမြင် သမုဒ်ပင်လယ်ပြင်မှာ ၀ဲသြဃစုပ်မသွားခင် တစ်ဖက်ကမ်းဆီကို သစ္စာရှာပုံတော်ခရီးအတွက် ဆက်လက်ရွက်လွှင့်ရအုံးမယ်လေ။ ကဲ မြန်မြန်လေးလွှင့်ကြစို့လား


Thursday, December 31, 2009

နှစ်ဟောင်း(ဘင်) ကို နှုတ်ခွန်းဆက်သ၍ နှစ်သစ်(ဥပါဒ်) ကို ကြိုဆိုလိုက်ကြစို့လား

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းလို့ ရောက်လာခဲ့ပြန်ပြီ။ အဟောင်းအကုန် အသစ်အကူး နှစ်သစ်ကူးအခါသမယမှာ ဒါန သီလ ဘာဝနာကုသိုလ်ကံအသစ်တွေနဲ့အတူ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအပါအ၀င် ကမ္ဘာ့ဘာသာပေါင်းစုံကို မင်္ဂလာရှိတဲ့ နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ၊ကောင်းကံအသစ်များများပြုနိုင်ကြပါစေလို့ဦးစွာပဏာမနှုတ်ခွန်းဆက်သလိုက်ပါသည်။

ဗုဒ္ဓဘာသာဝင်များနည်းတူပဲ အခြားသောဘာသာဝင်အပေါင်းတို့ကလည်း မိမိတို့ဆိုင်ရာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ ကံအသစ်ဖြစ်တဲ့ သက်ကြီးပူဇော်ပွဲ၊ အသက်လွှတ်ဘေးမဲ့ပေးပွဲ ၊ ပေးကမ်းစွန်ကျဲပွဲ၊မိဘတွေကိုကတော့တဲ့ပွဲစတဲ့ကောင်းမွန်တဲ့အစဉ်အလာကိုယ်စီနဲနှစ်သစ်ကိုကြိုဆိုကြပါလိမ့်မယ်လို့်ထင်ပါတယ်။

တကယ်တော့ အချိန်တွေဟာ တစ်စပ်တည်း မရပ်တန့်ဘဲ့  စက္ကန့်တိုင်း မီနစ်တိုင်း နာရီတိုင်းပြောင်းလဲနေကြပါတယ်။ တိုတောင်းတဲ့အချိန်က မထင်ရှားလှလေတော့ အချိန်ကြာပီး ရုပ်ဝတ္ထုများ ဖြစ်ပျက်တာ ထင်ရှားလှတဲ့ နှစ်တစ်နှစ်ကိုပဲ နှစ်ကူးပြီ ( အချိန်ကာလတစ်ခုပြောင်းလဲပြီ)လို့ လောကသမုတိအမှန်အနေဖြင့် ကူးပြောင်းတယ်လို့ သမုတ်လိုက်ကြပါတော့တယ်။

လူတွေ တစ်ဦးနဲ့ တစ်ဦး တွေ့လိုကြယင် တိုတောင်းတဲ့ စက္ကန့်တွေမှာ သတ်မှတ်၍ ချိန်းတွေ့ကြမယ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ကတိုတောင်းလှလွန်းတဲ့အတွက်ကြောင့်ပါပဲ။၊ ကာလတာရှည်တဲ့ နာရီ ၊ ရက်တွေမှာ ချိန်းဆိုကြတာများပါတယ်။ သို့ပေတည့် တစ်နှစ်ဆိုတာ တိုင်းတောင်းလှတဲ့ စက္ကန့်ကလေးတွေကိုစုစည်းထားတာပဲလို့ လောကလူအများကလက်ခံကြပီးသားပါပဲ။

သတိမမူလျှင် မြူတွေတောင်မှမြင်ဖို့ခက်ခဲလှပါတယ်။ ထိုနည်းတူပဲ သတိမမူခဲလျှင်အချိန်ရဲ့အခြေခံ ကာလတိုကိုလည်း မြင်နိုင်ခဲကြပါလိမ့်မယ်။

ဒါကြောင့် ဗုဒ္ဓက ဓမ္မပဒ ၊ အပ္ပမာဒ၀ဂ်မှာ ဒီလို ဟောထားခဲ့တာနေမှာပါပဲ။

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။( ဂါထာ ၂၁)

ဆိုလိုတာကတော့……

ရုပ်နာမ်သဘောတွေအပေါ်မှာ သတိမြဲစွာရှိနေတဲ့သူဟာ အသက်သေပေမယ့် အမြဲရှင်လျက်နေသူပဲတဲ့။
နာမ်ရုပ်တို့ရဲ့သဘောတွေအပေါ်မှာ မေ့မေ့လျော့လျော့ နေတဲ့သူဟာ အသက်ရှင်ပေမယ့် သေလျက်နေတဲ့သူပါပဲတဲ့။
ဒါဆို သတိမူခဲ့လျှင် မြူကိုပင် သင်မြင်နေရမှာပါပဲ ။ အဆိုင်အခဲတိုင်တာအအောက်အအုံကြီးတွေဆိုတာ အခြေခံ သဲပွင့်မြူမှုန်ကလေးတွေနဲ့ ဆင့်ကဲပြောင်းလဲတညဆောက်ထားတာပေါ့။ တစ်နှစ်ဆိုတာဟာလဲ အခြေခံ စက္ကန့်ကာလအတိုတွေကို ဆင့်ကဲ စုစည်းထားတာပေါ့။

ဓမ္မစကြာမှာတော့ အာလောကော ဥဒပါဒိ လို့ မှတ်ထားခဲ့ဖူးပါတယ်။ လောကကြီးက အလင်းစက်တွေပေါင်းစပ်ရာကနေ အဆိုင်အခဲ ပုံသဏ္ဍာန်တွေအထိဆင့်ကဲ ဖြစ်လာကြတာပါပဲ။

ဓာတ် အကြီးစား လေးမျိုး၊ ဓာတ် အငယ်စား (အဋ္ဌကလာပ်ရုပ်) ရှစ်မျိုးနဲ့ ဓာတ်တစ်ခုက ဦးဆောင် ကျန်ဓာတ်တွေ နောက်လိုက်ဖြစ်နေတဲ့အစုသဘောနဲ့ လောကကြီးက ပုံဏ္ဍာန်အမျိုးနဲ့ ချယ်လှယ်လာကြရင်း မူရင်းပြောက်သွားလောက်အောင် နာမည်တစ်ခုပေါ် နောက်နာမည်တစ်ခုနဲ့ဖုံးလွှမ်ပစ်လိုက်ကြပါတယ်။

သူဘာသာသူရှိနေတဲ့ အချိန်ကို စက္ကန့် ၊ မီနစ်၊ နာရီ၊ ရက်၊ လ၊ နှစ် တွေနဲ့ သေးငယ်ရာကနေ ကြီးမားလာတဲ့ အဆင့်ကို နာမည်ပညတ်တွေနဲ့ အဆင့်အဆင့်အစားထိုးပစ်လိုက်ကြတယ်လေ။ ဒါကြောင့်လူတွေဟာ နာရီရဲ့လွှမ်းမိုးမှုအောက်၊ အချိန်ရဲ့လွှမ်းမိုးအောက်မှာ နေ့စဉ်နဲ့မျှ မလွတ်မလပ်နဲ့ နစ်မွန်းနေကြရပါတယ်တဲ့။
ဦးနှောက်ထဲမှာ နာရီတွေကို ထည့်ထားမိကြတာလို့ပဲပေါ့။

အဘိဓမ္မာဝေါဟာရတွေမှာတော့ ရုပ်နာမ်တရားကတော့ ဥပါဒ် နဲ့ ဘင် ( ဥဒယဗ္ဗယ-ဖြစ်ပျက်) ပေါ့၊ ဘင်ဆိုတဲ့ အဟောင်းကာလကို ဥပါဒ်ဆိုတဲ့ အသစ်ကာလက အစားထိုး၍ ၀င်ပြောင်းပေးလိုက်တာပါပဲ။ ရှေးရှေးနာမ်ရုပ်အဟောင်း(အပျက်၊ဘင်ခဏ)ကိုစွန့်ခွာနှုတ်ခွန်းဆက်သ၍ နောက်နောက်နာမ်ရုပ်အသစ်(အဖြစ် ၊ဥပါဒ်ခဏ)အစားထိုး၍ ကြိုဆိုလိုက်ကြလိုက်တာပေါ့။

လူတွေဟာလဲ မီနစ်တိုင်း စက္ကန့်တိုင်း မွေးပြီးသေနေကြတာပါပဲ။ ခဏိက ဇာတိ ဇရာ မရဏလို့ ခေါ်ရမှာထင်ပါတယ်။ သို့ပေမယ့် ထင်းရှားလှတဲ့ ရုပ်ကိုယ်ကောင်အဆိုင်အခဲကြီး မိခင်ဝမ်းကနေမွေးလာတာကိုပဲ မွေးလာကြတယ်။ ဒီရုပ်ကိုယ်ကောင်ကြီး အသက်ထွက်၍ သေသွားတာကိုပဲ သေဆုံးတယ်လို့ ထင်းရှားတဲ့ (ဇာတိ ဇရာ မရဏ) ဘ၀တစ်ခု သေပြီးမွေးတယ်ဆိုတာ သက်မှတ်ကြတာများပါတယ်။

ဓမ္မရဲ့အနှစ်သာရကတော့ အချိန်ကာလနဲ့ နေရာဌာနတို့ရဲ့အလွန်မှာရှိပါတယ်( True Dhamma exists beyond Time and space)။ ဓမ္မရဲ့ အနှစ်ကို ရထားပြီးတဲ့ ဗုဒ္ဓကို အဂုင်္လိမာလက “ ရဟန်းကြီး ရပ်ပါတော့၊ ငါ့ကိုကြောက်၍ မပြေးပါနဲ့” တဲ့။ ဗုဒ္ဓကတော့ အဂုင်္လိမာလကို ဒီလိုပြန်ပြောလိုက်တယ်။ “အမောင် ဟိံသက ၊ ငါက ရပ်နေပါတယ်။ သင်ကသာ ပြေနေတဲ့သူပါ”ဲတဲ့။ တကယ်တော့ ဗုဒ္ဓက အချိန်ကာလနဲ့ နေရာဌာနကို ကျော်လွန်ခဲ့ပြီးတဲ့သူဖြစ်လို့ ဒီစကားကို ပြောလိုက်တာပါပဲ။ ကျွန်ုပ်တို့ ပုထုဇဉ်လောကလူသားတွေမှာတော့ အချိန်ကာလနဲ့ နေရာဌာနတွေကို ကျော်လွှားဖို့ ကြိုးစားနေကြရင်း ပြေးလွှားနေကြတုန်း ဟော.. နှစ်သစ်တစ်ခုကိုတောင် ရောက်လာပြန်ပြီပါကောလား။

နှစ်သစ်မှာ မင်္ဂလာသုခအပေါင်းနှင့် ငြိမ်းချမ်း ပြည့်စုံကြပါစေလို့ မေတ္တာပို့သလိုက်ပါသည် အားလုံးသော ကမ္ဘာသူကမ္ဘာသားအပေါင်းတို့…………………


Monday, December 7, 2009

နားလည်ပေးပါတယ် လောကဓမ်ရယ်....


လောကမှာ အကောင်းလေးမျိုး အဆိုးလေးမျိုးနဲ့ နေ့စဉ်လည်ပတ်အစားထိုးကာရှာဖွေနေကြတာဟာ (လောကဓမ္မ=) လောကဓမ်ပါပဲတဲ့။ လောကဓမ်ရှစ်မျိုးရှိတယ်ဆိုတာလဲ လူတိုင်းသိကြမယ်ထင်ပါတယ်။ လူအများက အဓိပ္ပါယ်ကောက်မှားလို့ ဆင်းရဲတာ၊ မကောင်းတာခံစားနေရတာကိုပဲ လောကဓမ်လို့ထင်ခဲ့ကြပါတယ်။ မြန်မာစကားမှာ ဖွင့်ဆိုမှု မှားခဲ့တဲ့စကားလုံးတွေက ခပ်များများပဲမဟုတ်ပါလား။ ဥပေက္ခာကို လစ်လျူရှုတယ် ဆိုတဲ့စကားလုံးမျိုးတွေနဲ့ အဓိပ္ပါယ်ဖွင့်ခဲ့သလိုမျိုးပေါ့။ လောကဓမ်ကို ဆက်ပြောရယင်တော့ဖြင့် ရှစ်မျိုးရှိပါတယ်။

၁။ လာဘ- လာဘ်ရခြင်း
၂။ အလာဘ- လာဘ်မရခြင်း
၃။ ယသ- အခြံအရံပေါခြင်း
၎။ အယသ- အခြံအရံမဲ့ခြင်း
၅။ နိန္န - ကဲ့ရဲခံရခြင်း
၆။ ပသံသ- ချီးမွမ်းခံရခြင်း
၇။ သုခ- ချမ်းသာခြင်း
၈။ ဒုက္ခ- ဆင်းရဲခြင်း


ကောင်းတာလေးမျိုး၊ မကောင်းတာလေးမျိုး ၊ပေါင်းတော့ ရှစ်မျိုးရှိပါတယ်။ အဓိပ္ပါယ်ကောက်ယူတာမှားလာခဲ့ကြတော့ မကောင်းတာနဲ့ဆင်းရဲတာကိုပဲ လောကဓမ်လို့ မြန်မာလူမျိုးတို့ရဲ့စိတ်ထဲမှာ ရှိနေကြတယ်။ အဲဒီရှစ်မျိုးကိုပဲ တစ်ခုနဲ့ တစ်ခု အစားထိုး ပြောင်းလဲပေးခြင်းဖြင့် နေ့ ၊ ရက်၊ လ၊ နှစ် တွေကို မိမိရဲ့အသက်နဲ့ ပေါင်း၊ မြှောက်၊ စား လာကြတယ်။ ဒါနဲ့ အသက်ကြီးလာကြပြီး ဘ၀ဟောင်းတစ်ခု ရပ်တန့်ကာ နောက်ဘ၀သစ်တစ်ခုဆိုတဲ့ သစ်ပင်တစ်ပင်ကို စတင်စိုက်ပျိုးလာကြရတော့တယ်။ မဇ္ဈိမပဋိပဒါ အလယ်လမ်းစဉ်ဆိုတာ ကောင်းလေပါး အစွန်းတစ်ဖက်ကိုလည်းမကပ်ညိ၊ မကောင်းလေးပါး အစွန်းတစ်ဖက်ကိုလည်း မကပ်ညိတာ မျိုးကိုဆိုလိုတာဖြစ်ကြောင်းပါ။ နေ့စဉ်လူသားများကတော့ ဟိုဘက်အစွန်းကိုရော ဒီဘက်အစွန်းကိုပါ ကပ်ညိပီး အမှန်မသိမှု မောဟနဲ့ အစားထိုး လျစ်လျုပစ်နေကြပါတယ်( Objects are replaced by ignorance )။ မောဟနဲ့ ချေဖျက်တယ်ဆိုတာကတော့ ရှေ့အာရုံဟောင်းတစ်ခုကို နောက်အာရုံအသစ်တစ်ခုနဲ့အစားထိုးလျက် လျစ်လျူရှုလျက်သယ်လာတာကို ဆိုလိုတာပါပဲ။ ဘုရားကတော့ ဥပမာလွယ်လွယ်နဲ့ ထင်ရှားအောင် လျောင်း ၊ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အိရိယာပုဒ်လေးပါးအာရုံကို သတိလက်လွတ်ကာ တစ်ခုနဲ့ တစ်ခုအပြောင်းလဲလုပ်နေတာရဲ့အစပ်( ဥပမာ-အထိုင်နဲ့ အထ)မှာ မသိခြင်းမျိုးပဲဟေလို့ ပြောခဲ့တာပါ။ ဒါကြောင့်ပဲ ဗုဒ္ဓက အကျဉ်းချုံးစကား လျောင်း၊ ထိုင် ၊ ရပ်၊သွား လေးပါးအိရိယာပုထ်(=၀ိဟရတိ) မမေ့အလျော့ မပေါ့အဆ သတိရှိရှိ နေရစ်ခဲ့ကြလော့ ချစ်သားတို့(=အပ္ပဒေန သမ္ပာဒေထ) နောက်ဆုံးစကား မိန့်ထားခဲ့တာမှာပါပဲ။ လူတွေဟာ ပြင်ပအာရုံချမ်းသာတာဟာ ငါတကယ်ချမ်းသာတာပဲလို့ သညာနဲ့ မှတ်ထင်ပီး နေ့စဉ်အစားထိုးတောက်လျှောက်လိုက်နေကြပါတယ်။ ဒါကြောင့် လိုက်လေလေ မောလေလေဖြစ်ပီး ပျော်ရွှင်ငြိမ်းချမ်းမှုတွေ ဝေးသထက် ဝေးဝေးလာ လေလေပါပဲတဲ့။ တံလျပ်ကို ရေထင် ရွှေသမင် အလိုက်မှားခဲ့ပီပေါ့။

ပုံစံပြောင်းလွှဲပြီးသယ်ယူလာတဲ့အတွက် အမှန်တရားတစ်ခုကို လူသားတွေက ရှာဖွေလို့မရခဲ့တာဖြစ်မယ်ထင်ပါတယ်။ တံလျပ်ဆိုတဲ့စကားလုံးက တံ = ရေ၊ လျပ်= အရိပ်အရောင် (အငွေ့) လို့ပြောရမယ်ထင်ပါတယ်။ နေပူအရှိန်ကြောင့် တရိပ်ရိပ်ထနေတဲ့ တံလျပ်ဟာ တကယ်တော့ ရေအစစ်တော့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ရေကိုဆာလောင်မွတ်သိပ်လှသည့် သညာသိ ရွှေသမင်လေးအဖို့မှာတော့ သောက်ရလိုက်ယင်တော့ အမောပြေစေမည့်ရေ လို့ထင်နေပါတယ်။

လူသားတွေဟာလဲ အတွင်းက လောဘ၊ ဒေါသ၊ မောဟမီး အငွေ့တွေ့က လောင်ကျွမ်းစရာ မြင်တွေ့နေရတဲ့ အာရုံတွေကို အစစ်အမှန် သုခပဲလို့ အထင်ရောက်ပြီး နေ့စဉ်လိုက်လံရှာဖွေလျက်လောင်ကျွမ်းပစ်ကြပါတယ်။ ရွှေသမင် တံလျပ်ကို ရေထင်သလိုမျိုးပဲပေါ့။ တကယ်တော့ အပြင်မှာ နေ့စဉ်နဲ့အမျှရှာဖွေနေတဲ့အရာတွေဟာ လောဘ၊ ဒေါသ၊ မောဟမီးတွေနဲ့ အငွေ့ပျံ အလင်းတိုက်စားလို့ နေစဉ်ရှာဖွေလာသမျှအာရုံတွေဟာ ၀သွားတယ်။ အားရသွားတယ်ဆိုတာ မရှိပါဘူး။ ဒီလိုအာရုံမီးစာကို အာရမ္မဏိကကိလေသာလောင်ကျွမ်းလိုက်တာကိုတော့ သတိမမူလျင် မြူ(မီးအငွေ့)ကိုပင် မမြင်စွမ်းနိုင်တာဟာ မောဟရဲ့လက်ချက်ကြောင့်ပါပဲတဲ့။

လယ်တီဆရာတော်ဘုရားကလည်း လူအများ ငါးပါးအာရုံမှာ ရှေ့အာရုံတစ်ခုကို နောက်အာရုံတစ်ခုနဲ့ နေ့စဉ်အစားထိုးလျက် နစ်မျောနေတဲ့ သဘောမျိုးကို သံဝေဂတေးထပ်နဲ့ရေးပြတော်မူခဲ့ပါတယ်။

“ငါးအာရုံ ဘင်အစု၊ ခင်မှုနဲ့ နေ့အကုန်၊
နင်ယခု မေ့ပုံလို ၊ တွေ့မကြုံစခမ်း၊
ပယ်လေးဝ သောကဘုံမှာ ၊ မျောရယုံရှိတော့ ခမန်း။
အော်အ၀ီစိ သောင်းအငူမှာ ခေါင်းမပြူစတမ်း၊
နှစ်အရှည်နစ်မည်လမ်းကိုလ ၊ နင်မျှော်စမ်းနင့်ကို၊
ဒေသနာထင်အလင်းရယ်နဲ့ နင့်အဖျင်းပိုထက်သာပို၊
သည်လောဘစရိုက်အိုကို ..............”
စသည်ဖြင့် နောင်လာနောက်သားတပည့်များအတွက် သတိသံဝေဂ ရရှိရန် ရေးစပ်ကုံးခဲ့သည် မဟုတ်ပါလား။

အော်....တကယ်တော့လဲ လောကဓမ်ဆိုတာ ကောင်းကောင်း ဆိုးဆိုး နှစ်မျိုးစလုံးကို ဆိုလိုတာပါပဲ။ အဲဒီနှစ်မျိုး ကြုံတွေ့လာယင် စိတ်ဓာတ်ယိမ်းယိုင်မသွားအောင် ထိန်းသိမ်းထားနိုင်တဲ့ ပဇ္ဈိမပဋိပါဒါ အစွန်းနှစ်ဖက်ကင်းတဲ့ အလယ်လမ်းစဉ် ဖြစ်တဲ့ ကောင်းကောင်း ဆိုးဆိုး တုန်လှုပ်ခြင်း မရှိဘူး( ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ ) ဆိုတာ ဒီလိုမျိုးအဓိပ္ပါယ်တွေပြည့်ဝနေပါလိမ့်မယ်လို့ တွေးတောပြီးတွေးတောနေမိရင်း.........



Wednesday, November 25, 2009

ဘာကြောင့် လူတွေ ရွေ စိန် ကို ၀တ်ဆင် ရသလဲ



ကမ္ဘာစဖြစ်တည်ကတည်းက ရုပ်ဝတ်ထုသက်တမ်း အနုအရင့်ကို တွက်ကြည်ယင်တော့ ရတုတွေ လုပ်လာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုကို ပြန်တွေးကြည့်ရမယ်ထင်ပါတယ်။ ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ပတ္တမြားရတုတဲ့လေ။

ကမ္ဘာဦးကစတင်ပြီး လူတွေက သက်သမ်း အနုအရင့်ကိုလိုက်ကာ ၀တ်ဆင်လာကြပါတယ်။ ကမ္ဘာမှာ ပဌမဆုံး စတင်ဖြစ်တာက မြေကြီးပါပဲ။ မြေကြီးတွေကြာလာတော့ ကျောက်ခဲ့ဖြစ်လာတယ်။ ကျောက်ခဲတွေကြာလာတော့
သံဖြစ်လာတယ်။ သံကြာလာတော့ ကြေးဖြစ်လာတယ်။ ကြေးကြာလာတော့ ငွေဖြစ်တယ်တယ်။ စိန်ဖြစ်လာတယ်။ ကမ္ဘာတည်စကတည်းက မာကြောတဲ့အရာဝတ်ထုဆိုတာ မြေကြီး ပါပဲတဲ့။ အဲဒီမြေကြီးဟာ အဆီးခဲဖြစ်နေသတဲ့။ နောက်ကြာသထက်ကြာလာတော့မှ ...
ပတ္တမြားဖြစ်လာတယ်။ ဒါက သက်တမ်းအနု အရင့်ပေါ်မှာမူတည်ပြီး ဒီဓာတ်ပေါ်မှာ အမှီယူလို့ရအောင် ( ဓာတ်ကူးယူ) ကြတာပါပဲ။ အဲဒါကို အမှတ်မှားကြပြီး ရွှေ ၊ ငွေ တွေ အပေါ်မှာ တပ်မက်စရာလို့ ယူဆလာကြတယ်။
သတ်မှတ်တဲ့ချက်တန်ဖိုးအပေါ်မှာ သမုတိ ချက် လုလာကြတယ်။ ကြွားစရာအဖြစ်ယူဆလာကြတယ်။
အခုခေတ်မှာတော့ ကား၊ မိုဘိုင်းဖုန်း၊ ဇိမ်ခံပစ္စည်းတွေ ကို အနောက်တိုင်းက တန်ဖိုးဖြတ်ချက်အပေါ်မှာမူတည်
ပြီး ဒါသည်ပင်လျင် တကယ်အမှန်ပဲလို့ယူဆလာကြတယ်။ တကယ်တော့ သမုတိအမှန်လောက်မျှသာဖြစ်ပါတယ်။ သမုတိသစ္စာက ၀ိပလ္လာသနဲ့ ချယ်လှယ်လေတော့ စိတ်ထဲက ရောင်ပြန်ဟတ်လာတာပေါ့။

လူတွေက ပိုက်ဆံကို ထုတ်လုပ်ပါတယ်။ ပိုက်ဆံမတိုင်ခင်ကတော့ ကုန်ပစ္စည်းချင်းဖလှယ်လာခဲ့ကြတယ်။ လူတွေကိုတိုင်ထုတ်ထားတဲ့ ပိုက်ဆံကပဲ လူတွေ ဒုက္ခပြန်ပေးနေတယ်။ ပိုက်ပိုက်ရှာလိုက်တာ လင့်ဟာသွားတဲ့ တကယ့်ပျော်ရွှင်မှုတွေကိုတောင် လူတွေမှာ မရလာရှာကြတော့ပါဘူး။ ( ဆက်ပါအုံးမယ်)



Tuesday, November 17, 2009

သတိမမူ ဂူမမြင်၊ သတိမူလျင် မြူကိုပင် မြင်နိုင်ပါသည်


( အုတ်တချပ် သဲတပွင့်)
ကမ္ဘာကြီးက အနုမြူကနေ စတင်ပြီး အနုမြူမှာတင်ပြန်ဆုံးပါတယ်။ အုတ်တချပ် သဲတစ်ပွင့်ဆိုတဲ့ စကားလေးကို ရှင်းလင်းကြပါစို့၊ မြို့ကြီးပြကြီးတွေမှာမြင်နေကြရတဲ့
မိုးတိမ်မကမြင့်မားလှတဲ့ အဆောက်အဦးတွေက ဘယ်ကနေစတာလဲပေါ့။ အုတ်ချပ်တစ်ခုချင်းစီတွေကို စီကာစဉ်ကာ ထပ်ပြီး ပေါင်းထားလို့ ဒီလိုအဆောက်အအုံတွေဖြစ်လာတာပေါ့။ အုတ်ချပ်ကလဲ သဲတွေကို ပေါင်းစဉ်းထားလို့ အုပ်ချပ်တွေဖြစ်လာတာဖြစ်တယ်။ အငယ်ဆုံးသဲတစ်ပွင့်ချင်းကနေ အုတ်တစ်ချပ်ဖြစ်လာတယ်။ အုတ်တစ်ချပ်ကနေ ပေါင်းလိုက်တော့ ကြီးမာတဲ့ အဆောက်အအုံတွေဖြစ်လာတယ်။ ကြီးမားတဲ့ အဆောက်အအုံတွေပျက်စီးသွားပြန်တော့ ဆိုင်ကယ်လင်း စစ်တမ်( cycling system) အရ မြေမှုန့်သဲမှုန့်ပြန်ဖြစ်သွားတာပေါ့ဗျာ။ လူသားတွေရဲ ခန်ဓာကိုယ်ဟာလဲ အငွေ့လိုမျိုး (ရုပ်ဓာတ်ငွေ့) အမှုန်တွေကနေ စတင်ထားတာဖြစ်ပါတယ်။ အဲဒီငွေတွေကလဲ နာရီး မီနစ်စက္ကန့် မလပ် ငွေ့ငွေ့နဲ့ အလင်းတိုင်းစားပြီး ပျက်စီးနေတာပါပဲ။ အဲဒါကိုပဲ အနိစ္စလို့ ပြောတယ်ထင်ပါတယ်။ အငွေ့တွေထွက်တာထင်ရှားတာကတော့ ပထမလူတစ်ယောက်ရေချိုးပီးထွက်လာတဲ့ရေချိုးခန်းကို နောက်လူ ( သင်ဖြစ်နေခဲ့ယင်)သင်ဝင်သွားခဲ့ယင် ရေချိုးခန်းကပူနေတာကို သင်ခံစားမိမှာပါ။ အဲဒါဟာ (အရင်လူက) သူ့ခန်ဓာထဲက ရုပ်ဓာတ်အမှုန်အမွားတွေလွင့်စင်ပီး ( အလင်းပျံကာ ပျက်စီးနေတယ်ဆိုတဲ့ သက်သေပဲပေါ့ဗျာ။ )ဒါကြောင့် လူတွေက အိုမင်းလာတဲ့ သဘော(သန္တတိဇာတိ ဇရာ မရဏ)ဖြစ်လာရပါတယ်။ ရက် ၊ လ ၊ နှစ်တွေ ကြာလာတော့ ပုံစံတွေပြောင်းလဲလာတာဖြစ်တယ်။ ရှင်းရှင်းပြောရယင် ရုပ်ဓာတ်တွေကုန်ဆုံးနေတယ်လို့ ပြောတာပေါ့ဗျာ။ အဲဒီ လိုပဲ နာမ်ဓာတ်ဟာလဲ ပြောင်းလဲ ကြွေလွင့်နေတာပါပဲပေါ့။
အနှစ်ချုပ်ကြည့်တော့ လူဆိုတာ ရုပ်ဓာတ် နဲ့ နာမ်ဓာတ်နှစ်ခုကို ပေါင်းထားတဲ့ သတ္တ၀ါ တစ်ကောင်ပါပဲလားဗျာ။